ယာဉ်၏ ချယ်စီတစ်ဝိုက်ကို ပြင်ဆင်ထားမှသာ ဖောက်စွပ်ကားအဖြစ်သတ်မှတ်မည်

0

Full article

မော်တော်ယာဉ် ထိခိုက်မှုများနှင့် ယာဉ်မတော်တဆမှုများဖြစ်ပေါ်လာပါက ကား၏ဘေးတံခါးများ၊နောက်ခြမ်းများ ပြင်ဆင်၍ ရနိုင်သော်လည်း ယာဉ်၏ချယ်စီတစ်ဝိုက် (အောက်ပိုင်းကိုယ်ထည်)ကို ပြင်ဆင်ထားမှသာ ဖောက်စွပ်ကားအဖြစ်သတ်မှတ်မည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနထံကနေ သိရသည်။

ယခုအခါတွင် ယာဉ်အရောင်းအဝယ်ပြုလုပ်ရာ၌ အခွံချိန်း၊အလုံးချိန်းခြင်းနှင့် body coach ပြောင်းလဲလာသည်ကို စစ်ဆေးတွေ့ရှိပါ က ယာဉ်မှတ်ပုံတင် ဖျက်သိမ်း၍ လိုင်စင်မဲ့ယာဉ် အဖြစ်သတ်မှတ်သိမ်းဆည်းသွားမည်ဆိုသော သတင်းများကြောင့် ယာဉ်မှန်၊မမှန်စစ်ဆေးပြီးမှ ဝယ်ယူမှုများရှိလာရာ ယာဉ်တစ်စီး ထိခိုက်မှုဖြစ်လာပါကပြင်ဆင်ရန်အခက်တွေ့လျက်ရှိနေကြောင်း သိရသည်။

" ကားတစ်စီးက ထိခိုက်မှုဖြစ်တာကို ပြင်ဆင်တာ ရှေ့ခြမ်းပြင်တာဖြစ်ဖြစ်၊ ကားရဲ့အနောက်ကတိုက်မိလို့ အနောက်ခြမ်းပြင်တာဖြစ်ဖြစ်ပြင်လို့ရပါတယ်။အဓိကက ကားရဲ့ချယ်စီတစ်ဝိုက်ကို မထိမိဖို့လိုတယ်။ အနည်းငယ်ပြုပြင်တာကို တော့ ဖောက်စွပ်ကားမသတ်မှတ်ပါဘူး။ ချယ်စီနေရာကိုထိပြီးပြင်ထားတာတို့၊ ချယ်စီတစ်ဝိုက်ကို ထိခိုက်အောင်ပြင်ဆင်ထားရင်သာ ဖောက်စွပ်ကားဖြစ်နေတာပါ။"ဟု ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာန ယာဉ်စစ်ဆေးရေး တာဝန်ရှိအင်ဂျင်နီယာမှူးတစ်ဦးကပြောကြားသည်။

၂ဝ၁၇ ခုနှစ် တွင် RTA ထုမပေးတော့သည့်နောက်ပိုင်းကာလ၌ အခွံချိန်း၊အလုံးချိန်းနှင့် ဖောက်စွပ်ကားများကို မသိနားမလည်၍ လက်ဝယ်တွင် ပိုင်ဆိုင်ထားသူ ယာဉ်ပိုင်ရှင်များ၊ ကားရောင်းသူနှင့် ဝယ်ယူမိသူများမှာ နစ်နာမှုများရှိနေ၍ သင့်တင့်သောအခွန်တစ်ခုဖြင့် ယာဉ်မှတ်ပုံတင်ခွင့်ပြုပေးနိုင်ရန် နိုင်ငံတော်သမ္မတရုံးသို့ မော်တော်ကားရောင်းဝယ်ရေးအသင်း (ရန်ကုန်) က ယာဉ်ပိုင်ရှင်များကိုယ်စား တင်ပြထားရှိကြောင်းသိရသည်။ (edited)

update news
Market

Author