အဆိုပါ မော်တော်ယာဉ် ရပ်နားစခန်းအား ၂ဝ၁၃ ခုနှစ် အစောပိုင်း ကာလတွင် ကုန်သေတ္တာတင်ယာဉ် ရပ်နားစခန်းအဖြစ် အသုံးပြုရန် အမှတ် ၆ သင်္ဘောဝင်း မြေနေရာကို ပြုပြင်အသုံးပြုခဲ့ပြီး လက်ရှိ ယင်းနေရာအား ထပ်မံအဆင့်မြှင့်တင်ရန် စီစဉ်နေခြင်း ဖြစ်ကြောင်း သိရသည်။ "ဒီကုန်သေတ္တာတင် ယာဉ်ရပ်နားစခန်း အဆင့်မြှင့်တင် တည်ဆောက်ဖို့ အတွက် စီစဉ်နေတာတော့ လေးလလောက်ရှိနေပြီ၊ လောလောဆယ်မှာတော့ မြေကြီးညှိတုန်းပဲ ရှိသေးတယ်၊ လတ်တလော အနေနဲ့တော့ တည်ဆောက်ရေး လုပ်ငန်းတွေ မစနိုင်သေးဘူး၊ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်မှာ စဖြစ်မယ်"ဟု စီမံရေးရာဌာနမှ ဒုတိယဌာနမှူး ဦးညီညီဦးက ဆိုသည်။ ယင်းသို့ အဆင့်မြှင့် တင်ဆောင်ရွက်ရန် စီစဉ်မှုများကြောင့် လက်ရှိတွင် ဗိုလ်တထောင် ကုန်သေတ္တာတင် ယာဉ်ရပ်နားစခန်းမှ ယာဉ်များအနေဖြင့် အလုံမြို့နယ်ရှိ ကုန်သေတ္တာတင်ယာဉ် ရပ်နားစခန်းသို့ သွားရောက်ကာ ယာဉ်များ ရပ်နားကြရပြီး ယာဉ်အများစုမှာ အလုံယာဉ်ရပ်နားစခန်းသို့ သွားရောက် ရပ်နားခြင်း မပြုဘဲ ဗိုလ်တထောင် ယာဉ်ရပ်နားဝင်း အနီးရှိ လမ်းမများ၊ လမ်းသွယ်များ၌ ရပ်နားမှုများ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။
Ref: Auto mobile