စတေကာအမဲ တပ်ဆင်သော တက္ကစီကားများ အရေးယူမှု တစ်ပတ်အတွင်း ကားအစီး၅ဝကျော်ရှိ

0

Full article

ရန်ကုန်မြို့တွင်း ပြေးဆွဲလျှက်ရှိသည့် စတေကာအမဲ တပ်ဆင်ထားသော အဌားယဉ် တက္ကစီကားများကို အရေးယူမှု တစ်ပတ်အတွင်း ကားအစီးရေ ၅ဝကျော်ရှိကြောင်းသိရသည်။

အဆိုပါ ကားအစီး ၅ဝ ကို မော်တော်ယာဉ် ဥပဒေနှင့်သာ အရေးယူလျှက်ရှိသည်ဟု ရန်ကုန်တိုင်းယာဉ်ထိန်းရဲတပ်ဖွဲမှူးရုံးက သိရပါသည်။

စတေကာ အမည်းတပ်ဆင်ထားသော တက္ကစီကားများကို ဖေဖေါ်ဝါရီလ ၁ ရက်ကစပြီး အရေးယူရာတွင် မော်တော်ယာဉ် ဥပဒေ ပုဒ်မ ၆၅ နှင့် အရေးယူပြီး အမြင့်ဆုံးဒဏ်ငွေ ၃သောင်းထက်မပိုသော ဒဏ်ငွေ အထိ ချမှတ်နိုင်ကြောင်း သိရသည်။

တက္ကစီကားများ စတေကာ အမဲတပ်ဆင်မောင်းနှင်ခြင်းကို ယခင်ရက်များက ပညာပေးအစီအစဉ်များ ပြုလုပ်ခဲ့ပြီး ဖေဖေါ်ဝါရီ ၁ ရက်မှစတင်၍ တက္ကစီများကို အဓိကထား စစ်ဆေးအရေးယူရန် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့ များနှင့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များမှ ပူးပေါင်းကာ လုပ်ဆောင်နေကြောင်း သိရသည်။

"စတေကာကပ်ထားတဲ့ တက္ကစီတွေကို အရေးယူဖမ်းဆီးတာတွေလုပ်ပါတယ်။ ရန်ကုန်တိုင်း ခရိုင်တွေမှာ အရေးယူစစ်ဆေးတယ်။ အဓိကက စတေကာ ကပ်ထားတာကို ဖမ်းဆီးမှာပါ။ "လို့ ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက သိရသည်။

ရန်ကုန်မြို့တွင်း ပြေးဆွဲမောင်းနှင်နေသော တက္ကစီများတွင် ကားမှန်များ စတေကာကပ်ခြင်း၊ လေစုပ်ခွက်ကပ်ခြင်း၊ ကြော်ငြာများတပ်ဆင်ခြင်း၊ လိုက်ကာများကားရံထားခြင်းဖြင့် အကာအကွယ်ယူ၍ မှုခင်းကျဆင်းရေးနှင့် ယာဉ်စည်းကမ်းထိန်းသိမ်းရေးများကို လစ်လျူရှုကာ ဒုစရိုက်မှု ကျူးလွန်ခြင်းများ ဖြစ်ပေါ်လျက်ရှိသဖြင့် ယင်းတို့ကို အမြန်ဆုံး ဖယ်ရှားပစ်ရန်နှင့် ၂ဝ၁၈ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်မှစ၍ ထိုဖော်ပြပါ အချက်များ ပြုလုပ်မောင်းနှင်သော အဌားယဉ် တက္ကစီကားများကို လုပ်ငန်းလိုင်စင် ဖျက်သိမ်းသည့်အထိ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီမှ သတိပေးနှိုးဆော်ထားရှိကြောင်း သိရသည်။
L-01

Author