မြင်းကောင်ရေ ၆၅၀ ထုတ်လွှတ်ပေးနိုင်စွမ်းနဲ့ Bentley Bacalar 2020

0

Full article

Bentley Continental GT အမိုးဖွင့်ကားဒီဇိုင်းကို မကြိုက်ဘူးလို့ပြောနေကြတဲ့ ၁% သောလူတွေအတွက် ကမ္ဘာ့သက်တမ်းအရင့်ဆုံး coachbuilder ဖြစ်သူ Mulliner ရဲ့ဒီဇိုင်းနဲ့ Bacalar အသစ်လာပါပြီ။ နောက်ထပ်လည်း ကား ၁၂ မျိုးလောက်ဆက်လက်ထုတ်လုပ်ဖို့ရှိနေပြီး ဈေးနှုန်းတွေကတော့ မသေးလှပါဘူး။ မျက်ရည်စက်လက်ထွက်ရအောင်ကို မြင့်မားမှာပါတဲ့။ အခု Bentley Bacalar 2020 ရဲ့တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၁.၉ သန်းဝန်းကျင်လောက်ရှိပါတယ်။

Bentley ရဲ့ Bacalar ဟာ ယနေ့ခေတ်ရဲ့ အရှားပါးဆုံး တံခါးနှစ်ပေါက်အမိုးဖွင့်ကားအမျိုးအစားပါ။ ထိုင်ခုံကလည်း Continental GTC လိုမျိုး လေးလုံးမဟုတ်ဘဲ နှစ်လုံးထဲသာပါပါတယ်။ ဒီဇိုင်းက သမားရိုးကျမဟုတ်၊ ပြီးခဲ့တဲ့နှစ်က ထုတ်ဖေါ်ပြသခဲ့တဲ့ EXP 100 GT concept လို တုန်ခါမှုလှိုင်းတွေကြားထဲက ဖေါက်ခွင်းထွက်လာမယ့်ပုံမျိုးပါ။ စိတ်ဝင်စားဖို့ကောင်းတာကတော့ တံခါးလက်ကိုင်ဒီဇိုင်းတစ်ခုတည်းကိုပဲ Continental ထံကနေ ယူထားတာရယ်။​ ဒါကလည်း keyless entry စနစ်ကြောင့်ပါ။ ကျန်တဲ့အပြင်ပိုင်းဒီဇိုင်း အစိတ်အပိုင်းအားလုံးက Bacalar အတွက်သီးသန့်ရေးဆွဲပြီးထုတ်လုပ်ထားတာချည်းပဲ။

Bacalar 2020 ဟာ Continental GT ထက် ၂၀ မီလီမီတာပိုကျယ်ပြီး ၂၂ လက်မရှိတဲ့ သုံးရောင်ခြယ်ခွေတွေပေါ်မှာ အလှဆုံးတည်ရှိနေတာဖြစ်ပါတယ်။ နောက်ဒီဇိုင်းကတော့ Bentley ရဲ့ပျံသန်းနေတဲ့ B လိုဂိုနဲ့အတူ Bacalar တံဆိပ်ကို ဘယ်ကားနဲ့မှမတူအောင် ဆန်းသစ်စွာထိုးထားတာပါ။

အပြင်ပိုင်းက ထူးခြားစွာဆွဲဆောင်နိုင်တယ်ဆိုတာ ဘာမှသံသယရှိစရာမလိုသလို အတွင်းပိုင်းကိုလည်း Mulliner က တမူထူးအောင် စွမ်းဆောင်ပေးထားတာကို တွေ့ရပါတယ်။ Dashboard ဆိုရင် တအားရှားတဲ့ Riverwood (England နိုင်ငံ အရှေ့ Anglia က မြစ်တို့ရေအိုင်တို့နားမှာသာတွေ့ရနိုင်ပြီး သဘာဝအတိုင်းလဲကျကာ နှစ် ၅,၀၀၀ လောက် မူလအခြေအနေအတိုင်း ထိန်းသိမ်းထားနိုင်စွမ်းရှိတဲ့သစ်ပင်တွေရဲ့ ရေရှည်ခံအသား) ကိုအသုံးပြုထားတာပါ။

ထိုင်ခုံတွေမှာဆိုရင် ကျောဘက်ခြမ်းနဲ့ ခေါင်းမီရဲ့နံဘေးဘက်ခြမ်းတွေမှာ သဘာဝ သိုးမွှေးအသားကိုအသုံးပြုထားပြီး Wilton-woven ကယက်လုပ်ထားတဲ့ သန့်စင်သိုးမွှေးကောဇောအလွှာတွေဟာ အမြင်ကိုပြီးပြည့်စုံစေရုံသာမက ထိုင်ရတဲ့ခံစားချက်ကိုပါ သဘာဝအတိုင်း သက်သောင့်သက်သာဖြစ်မှုအမြင့်ဆုံးအနေအထားကို ရရှိစေမှာဖြစ်ပါတယ်။ နောက်ပြီး ထိုင်ခုံကချုပ်သားပန်းထိုးတွေဟာ နေရာတိုင်းမှာတူညီပြီး ညီညာမှုဒီဇိုင်းကို ဖေါ်ကျူးလို့ထားတာရယ်။

Bacalar ရဲ့ အသည်းနှလုံးအနေနဲ့ကတော့ Volkswagen Group ရဲ့နောက်ဆုံးထုတ် 6.0-liter twin-turbo W12 အင်ဂျင်ကို တပ်ဆင်ထားပါတယ်။​ အမြင့်ဆုံးပါဝါထုတ်လွှတ်မှုအနေနဲ့ မြင်းကောင်ရေ ၆၅၀ အထိရရှိနိုင်ပြီး ရုန်းအား (torque) ကတော့ 900 Nm အထိတောင်မှ ရရှိနိုင်တာပါ။​ အဲဒီအင်ဂျင်ကို 8-speed dual-clutch automatic transmission နဲ့ဆိုတော့ ဂီယာအကူးအပြောင်းတအားညက်ညောမြန်ဆန်မယ်ဆိုတာကတော့ ပြောနေစရာတောင်လိုမယ်မထင်ပါဘူး။ 0-62 mph အမြန်နှုန်းကိုရဖို့အတွက် ၃.၅-စက္ကန့်သာကြာမြင့်မှာဖြစ်ပြီး အမြင့်ဆုံးမြန်နှုန်းအဖြစ် တစ်နာရီကို မိုင် ၂၀၀ နှုန်းအထိ မောင်းနှင်လို့ရတယ်လို့ Bentley ကဆိုထားပါတယ်။ အမြန်ဆုံးဆိုတဲ့ကားတွေကို မယှဉ်နိုင်ပေမဲ့ သေချာတာကတော့ ဇိမ်လည်းကျမယ်၊ မြန်လည်းမြန်မယ်။ ဒါတွေထက်ပိုကောင်းတာက တမူထူးတဲ့ Bentley Bacalar 2020 ဒီဇိုင်းပါပဲ။ ရှေ့မှာပြထားတဲ့ သက်တန့်ရောင်နဲ့ Bentley Bacalar ကတော့ Bentley ကုမ္ပဏီရဲ့ဝန်ထမ်းတွေနဲ့ သူတို့ရဲ့မိသားစုတွေ ဝင်ရောက်ယှဉ်ပြိုင်ထားတဲ့ အရောင်တွေထဲကမှ မော်တော်ကားထုတ်လုပ်သူတွေရဲ့ ဒီဇိုင်းညွှန်ကြားရေးမှူး Stefan Sielaff ရွေးချယ်ထားတဲ့ Bacalar 2020 အတွက် ပြီးပြည့်စုံမှုရှိတယ်ဆိုတဲ့ အရောင်ဒီဇိုင်းပဲဖြစ်ပါတယ်။

Ref: Bentley Bacalar Revealed As Roofless Grand Tourer With 650 HP by Adrian Padeanu

Author