carsdb
နိုဝင်ဘာ ၂၆ ရက်နေ့ အေးချမ်းလှတဲ့ ဆောင်းတွင်းမနက်ခင်းမှာ CarsDB မှ ကျွန်တော်နဲ့ ကျွန်တော်ရဲ့ လုပ်ဖော်ကိုင်ဖက်တို့ဟာ မြန်မာမီဒီယာများအား Toyota Myanmar က စီစဉ်ပေးတဲ့ ထိုင်းနိုင်ငံရဲ့ မော်တော်ယာဉ် လုပ်ငန်းစုကို လေ့လာဖို့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးကို ရောက်ရှိခဲ့ပါ တယ်။ ကျွန်တော်တို့ နှစ်ဦးအပြင် motor.com, automobile, drive, 7 days နဲ့ Myanmar Time တို့မှ သတင်းထောက်များလည်း (စုစုပေါင်း ၁ဝဦး) ဒီလေ့လာရေးခရီးစဉ်မှာ ပါဝင်ပါတယ်။ မြန်မာနိုင်ငံမှာ Toyota Myanmar အတွက် Marketing and Advertising လုပ်ပေးနေတဲ့ ADK Myanmar က media planner ဒေါ်ဝတ်ရည်ဖြိုးနဲ့ Marketing officer ဂျပန်လူမျိုး မိုမိုစံတို့က ကျွန်တော်တို့အားလုံးကို နှုတ်ဆက်ပြီး ခရီးစဉ်အတွင်း လုပ်ဆောင်ရမယ့် အစီအစဉ်တွေ၊ စာရွက်စာတမ်းတွေကို လာပေးပါ တယ်။ စာရွက်ကြည့်လိုက်တော့ ခရီးစဉ် သုံးရက်ရှိတဲ့အနက် ရောက်ရောက်ချင်းနေ့ ပထမတစ်ရက်က လွဲပြီး ကျန်နှစ်ရက်လုံးမှာ သွားရောက် လေ့လာရမယ့် အစီအစဉ်တွေ ပြည့်နေပါတယ်။
carsdb
အစီအစဉ်တွေကတော့ နိုဝင်ဘာ ၂၇ မနက်မှာ ကျွန်တော်တို့ဟာ ၃၄ ကြိမ်မြောက် ဘန်ကောက် အပြည်ပြည်ဆိုင်ရာ မော်တော်ယာဉ်အရောင်းပြပွဲကြီးကို သွားကြည့်ရမှာပါ။ အဲ့ဒါပြီးရင် Toyota driving experience park မှာ Toyota က ထုတ်လုပ်တဲ့ Revo, Fortuner, Vios ကားတွေကို စမ်းသပ်မောင်းနှင်ရမှာဖြစ်ပါတယ်။ ၂၈ ရက်နေ့မှာတော့ Toyota ရဲ့ Ban Pho စက်ရုံရဲ့ ကားထုတ်လုပ် တပ်ဆင်တဲ့ လုပ်ငန်းခွင် အခြေအနေနဲ့ Toyota motor asia pacific ရဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ Toyota Daihatsu Engineering & Manufacturing ကုမ္ပဏီကို သွားရောက်လေ့လာရမှာပါ။ ယခုဆောင်းပါး မှာလည်း ဒါတွေကို ထည့်ရေးသွားမှာပါ။
carsdb
Toyota Myanmar က ကျွန်တော်တို့ မီဒီယာသမားတွေကို ဘန်ကောက်မြို့လယ်က Rembrandt Tower မှာ ထားပါတယ်။ ဘန်ကောက် မြို့သူ၊ မြို့သားတွေက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လေးလေးစားစား လိုက်နာကြပါတယ်။ ဒါတောင် ကျွန်တော်အနေနဲ့ တက္ကစီဌားရတာ ခက်ခဲပါတယ်။ ကားတွေက နေ့ရော၊ ညပါ ကြပ်နေတဲ့အပြင် Grab တို့၊ Uber တို့မှ မဌားရင် အချို့အပြင်တက္ကစီတွေက မီတာ မချိုးပါဘူး။ ကျွန်တော်တောင် သွားစရာရှိလို့ ညနေ ၅ နာရီခွဲလောက်မှာ Grab တက္ကစီဌားစီးတာ တောင် နှစ်ဘလောက်စာလောက်ကို နာရီဝက်ကြာသွားတဲ့အတွက် ကားပေါ်ကဆင်းပြီး လမ်းလျှောက် သွားလိုက် ပါတယ်။ ကားခက ဘတ် ၁၅ဝ လောက်ပေးလိုက်ရတယ်။ ကျွန်တော်တို့ ရန်ကုန်မြို့သူ၊ မြို့သားများလည်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေကို အခုထက်လိုက်နာစေချင်ပါတယ်။ ကျွန်တော်တို့က ဘန်ကောက်လောက်လည်း ကားမများပါဘူး။ ဘန်ကောက်လိုသာကားတွေ များလာ ရင်၊ အခုလို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေ လိုက်နာကျင့်သုံးဖို့ အားနည်းနေရင် ရန်ကုန်မြို့က လမ်းတွေအပေါ် ကားမောင်းဖို့ တော်တော်အဆင်မပြေဖြစ်သွားမှာပါ။
carsdb
ဘန်ကောက်မှာ ရောက်ရောက်ချင်း ပထမတစ်ရက်ကတော့ ဘာလေ့လာရေးအစီအစဉ်မှမရှိပါဘူး။ ဒုတိယနေ့မှာတော့ Toyota Myanmar နဲ့ ADK Myanmar တို့က ဘန်ကောက်အပြည်ပြည်ဆိုင်ရာ မော်တော်ယာဉ်အရောင်းပြပွဲကြီးကျင်းပရာ Impact Challenger အဆောက်အဦးကြီးဆီသို့ ကျွန်တော်တို့ကို ခေါ်သွားပါတယ်။ အဲ့ပြပွဲကြီးကို နိုဝင်ဘာ ၃ဝ ကနေ ဒီဇင်ဘာ ၁၁ အထိ ၁၂ ကြာကျင်းပသွားမှာ ဖြစ်လို့ အခု ကျွန်တော် ဆောင်းပါရေးသားနေစဉ်မှာပင် ပြပွဲကြီးကို ကျင်းပနေတုန်း ဖြစ်ပါတယ်။ ကျွန်တော်တို့ သွားရောက်လေ့လာတဲ့နေ့ကတော့ ထိုင်းနိုင်ငံ ပြည်တွင်းနဲ့ နိုင်ငံတကာ မီဒီယာတွေကိုပဲ ဝင်ခွင့်ပေးတဲ့ press day ပါ။ ကျွန်တော်တို့အားလုံးကို နိုင်ငံတကာ မီဒီယာအနေနဲ့ စာရင်းပေးသွင်းတဲ့အလုပ်တွေကို ADK Myanmar က ကြိုတင်လုပ်ဆောင် ပေးထားတဲ့အတွက် press လည်ဆွဲကဒ်ထုတ်ပြီး ပြပွဲထဲ သို့ ဝင်ရုံပါပဲ။
carsdb
ခန်းမကြီးက challenger 1,2,3 ဆိုပြီး ဝင်ပေါက်သုံးပေါက်ရှိပါတယ်။ ကျွန်တော်တို့အားလုံး ဝင်ပေါက် ၁ က ဝင်လိုက်တဲ့အခါ ဝင်ဝင်ချင်းမှာပဲ ကျွန်တော်တကယ့်ကို မှင်သက်သွားမိပါတယ်။ ခန်းမကြီးက ကျော့ရှင်းသပ်ရပ်လှပြီး ကမ္ဘာပေါ်ရှိသမျှ ကားလုပ်ငန်းတွေ အကုန်နီးပါး ပြသထားတာ တွေ့ရပါတယ်။ Toyota, BMW, Nissan, Luxus, Mercedes, IVECO, Mitsubishiနဲ့ Volvo အစရှိတဲ့ နိုင်ငံပေါင်း ၉ နိုင်ငံက ကားလုပ်ငန်းပေါင်း ၃၅ခုကို တစ်နေရာတည်းမှာ တွေ့ရပါတယ်။ ကျွန်တော်တို့ကို ကြည့်ရှုချိန် ၂ နာရီပေးပါတယ်။ ကျွန်တော်တို့ မီဒီယာသမားတွေအားလုံး ခန်းမထဲက concept ကားတွေ၊ ကားသစ် တွေ၊ ရှေ့ဟောင်းကားတွေ၊ premium ကားတွေ၊ မော်တော်ဆိုင်ကယ်တွေ၊ ကားနှင့် ဆက်စပ်တဲ့ အပိုပစ္စည်းနဲ့ ကုန်စည်တွေကို အကုန်လေ့လာကြပါတယ်။ ထူးခြားချက်က တပတ်ရစ်ကားပြသတဲ့ နေရာ သိပ်မတွေ့ရတာပါပဲ။ ထိုင်းနိုင်ငံ အစိုးရက ကားသစ်တွေကို ပြည်တွင်းမှာပဲ ထုတ်လုပ်အောင် မက်လုံးပေးထားပြီး၊ ပြည်ပကနေ ကားသစ်တွေ၊ တပတ်ရစ်ကားတွေ တင်သွင်းမှု နည်းပါးအောင် အခွန် ၄ဝ ကနေ ၈ဝ ရာခိုင်နှုန်းအထိ ကောက်ယူထားတာပါ။ အဲ့ဒီပြပွဲကို စီစဉ်ကျင်းပတဲ့သူတွေက ယခု ၃၄ ကြိမ်မြောက် ဘန်ကောက်အပြည်ပြည်ဆိုင်ရာ ပြပွဲကြီးကို လာရောက်ကြည့်ရှုသူ ၁.၅ သန်းနဲ့ ဘတ် သန်း ၅ သောင်းကျော်ခန့် ရောင်းရမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါတောင် ထိုင်းစီးပွားရေးက အခုမှ နလန်ထူစပြုတာပါ။ လွန်ခဲ့တဲ့ ၃ နှစ်ကျော် ၂ဝ၁၄ က ထိုင်းစစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံရဲ့စီးပွားရေးက အတော်လေးကျသွားပါတယ်။ ဒီနှစ်တော့ စီးပွားရေး ပြန်တက်လာတဲ့အတွက် ထိုင်းနိုင်ငံသားတွေ ကားတွေပိုမိုဝယ်ယူနိုင်ကြလိမ့်မယ်လို့ ပြပွဲစီစဉ်သူတွေက မျှော်လင့်ထားကြပါ တယ်။
carsdb
ဘန်ကောက်မော်တော်ယာဉ်အရောင်းပြပွဲ အကြိုသတင်းစာရှင်းလင်းပွဲကို လေ့လာပြီးနောက်မှာတော့ ကျွန်တော်တို့ဟာ နေ့လည်ပိုင်းမှာ Toyota ကားတွေကို စမ်းသပ်မောင်းနှင်ဖို့ Toyota driving center ကို သွားရောက်ခဲ့ပါတယ်။ အဲ့ဒီမှာ အလုပ်လုပ်တဲ့ ဝန်ထမ်းအားလုံးက အလွန်ပျူဌာကြပါတယ်။ ကျွန်တော်တို့ မီဒီယာအားလုံးကို ယာဉ်မောင်းလိုင်စင်ပါရင်၊ စမ်းသပ်မောင်းနှင်ဖို့ ကိုယ့်ကိုကိုယ် ယုံ ကြည်မှုရှိရင် test drive လုပ်နိုင်ကြောင်းပြောပါတယ်။ ကျွန်တော်တို့ကလည်း စမ်းသပ်မောင်းနှင်တဲ့ အတွေ့အကြုံနည်းသေးတာက တစ်ကြောင်း၊ တချို့က ယာဉ်မောင်းလိုင်စင်မရှိတာကတစ်ကြောင်း ကြောင့် သူတို့ပေးအပ်တဲ့ အခွင့်အလမ်းကို မရယူဖြစ်ခဲ့ပါ။ ဒါနဲ့ Toyota ယာဉ်မောင်းတွေကပဲ မောင်းနှင် တာကို လိုက်စီးဖို့ အားလုံးဆုံးဖြတ်လိုက်ကြပါတယ်။ မမောင်းနှင်ခင်မှာ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာ ရမှုဖြစ်ပေါ်ပါက Toyota က တာဝန်မယူပါကြောင်းကိုလည်း ကျွန်တော်တို့အားလုံးကို လက်မှတ်ထိုး ခိုင်းပါတယ်။
carsdb
carsdb
Toyota test drive area က အကျယ်ကြီးပါ။ အဲ့ဧရိယာကြီးကို on road နဲ့ off road ဆိုပြီး နှစ်ပိုင်းခွဲ ထားပါတယ်။ Toyota က သူ့ရဲ့ Revo, Fortuner, Vios ကားတွေမှာ တစ်စီး ၄ ယောက်နှုန်းနဲ့ ၃ ကြိမ် တိုင်တိုင် စမ်းသပ်မောင်းနှင်ပြသသွားတာကို ကျွန်တော်တို့ လိုက်ပါစီးနင်းရတာ အတော်ရင်ခုံဖို့ ကောင်းပါတယ်။ တချို့ ဘရိတ်စနစ်စမ်းပြတာတွေ၊ ကားရဲ့မြန်နှုန်းကို စမ်းပြတာတွေနဲ့ ကားရှော့ဘား ကောင်း၊ မကောင်းစမ်းသပ်မောင်းနှင်ပြတာတွေက လိုက်ပါစီးနင်းသူတွေအဖို့ စိတ်လှုပ်ရှားစေသလို ကားရဲ့ နည်း ပညာအဆင့်မြင့်မှု၊ ကြံ့ခိုင်မှုတို့ကို ကိုယ်တိုင်ခံစားသိရှိနားလည်သွားစေပါတယ်။
ဆောင်းဦးကိုကို
ဆက်ရန်