Full article

ရန်ကုန်မြို့တွင်းပြေးဆွဲမည့်  BRT (အမြန် သယ်ယူပို့ဆောင်ရေးစနစ်) တွင် ယာဉ်မောင်းများကို တစ်လလျှင် လစာကျပ်လေးသိန်းခွဲဖြင့် ခန့်အပ် သွားမည်ဖြစ်ကြောင်း အဆိုပါယာဉ်လိုင်းပြေးဆွဲမည့် Omni Focus Co.,Ltd မှ မန်နေဂျင်းဒါရိုက်တာ ဦးကျော်သီဟက ပြောသည်။![164041670_832d7c885a](/redline/content/images/2013/08/164041670_832d7c885a.jpg)

လက်ရှိတွင် အဆိုပါယာဉ်လိုင်းမှ အမေရိကန်ဒေါ်လာ ခုနစ်မီလီယံခန့် ရင်းနှီးမြှုပ်နှံရန် နိုင်ငံတော်သမ္မတကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့သို့ အဆိုပြုချက်များ တင်ပြထားကြောင်း သိရသည်။ ယင်းအပြင် အဆိုပါကုမ္ပဏီမှ ဗဟိုထိန်းသိမ်းရေးစနစ်အတွက် ကုန်ကျငွေ ကျပ်သိန်း ၁၅ဝ ခန့်၊ ယာဉ်ထိန်းဌာနအတွက် ကျပ်သိန်း ၁၅ဝခန့်၊ ကွပ်ကဲမှုဌာနအတွက် ကျပ် ၁ဝ၈သိန်း၊ သတ်မှတ်လမ်းကြောင်း ထိန်းသိမ်းစရိတ်အတွက် ကျပ်သန်း ၂ဝဝခန့်၊ Station ၃၉ ခုအတွက် ဝန်ထမ်းစရိတ် ကျပ် ၁၅၆ သိန်း လစဉ်ကုမ္ပဏီမှ ကုန်ကျမည့် ငွေကြေးများဖြစ်ကြောင်းနှင့် ကုမ္ပဏီ၏ ဝင်ငွေခွန်များကိုလည်း ပေးဆောင်ထားပြီးဖြစ်ကြောင်း ယင်းက ရှင်းလင်းပြောသည်။

အဆိုပါယာဉ်လိုင်းယာဉ်အစီးရေ ၈ဝ ဖြင့် ပြေးဆွဲရန်စီစဉ်ထားပြီး ယင်းစနစ်ကျင့်သုံးရန် အသင့်တော်ဆုံးလမ်းကြောင်း လေးကြောင်း ကို နိုင်ငံတော်အစိုးရမှ ချမှတ်ပေးထားပြီး ယင်းလမ်းကြောင်းလေးခုထဲမှ တစ်ခုအား ၎င်းကုမ္ပဏီမှ ပြေးဆွဲမည်ဖြစ်ကြောင်း ယင်းက ထပ်မံပြောသည်။

BRT (အမြန်သယ်ယူပို့ ဆောင်ရေးစနစ်)အား နိုင်ငံပေါင်း ၃၆နိုင်ငံ၊ မြို့ကြီးပေါင်း ၁၃၄ မြို့ တွင် အောင်မြင်စွာကျင့်သုံးနေပြီး BRT (အမြန်သယ်ယူပို့ဆောင် ရေးစနစ်) ကျင့်သုံးသည့်နိုင်ငံများ ရှိသကဲ့သို့ ယင်းစနစ်တစ်ဝက်တစ်ပြက်ကျင့်သုံးသည့် နိုင်ငံများလည်း ရှိကြောင်း၊ မေတ္တာလှိုင်းယာဉ်မှ ပြေးဆွဲမည့် ယင်းစနစ်ကားများကို ယာဉ်စီးခအနေဖြင့် ကျပ် ၄ဝဝ သတ်မှတ်ထားကြောင်းသိရသည်။

Yangon Time Daily မှ ကူးယူဖော်ပြသည်။

Photo credit by Renato

Author