၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်တွင် မော်တော်ယာဉ်စံနှုန်းများသတ်မှတ်ရာ၌ မော်တော်ယာဉ်ရောင်းဝယ်ရေးအသင်းများနှင့် ပေါင်းစပ်ညှိနှိုင်းကာ ဆောင်ရွက်သွားမည်

0

Full article

မော်တော်ယာဉ်စံနှုန်းများသတ်မှတ်ရာတွင် ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ဈေးကွက်အတွင်းမှ နှုန်းထားများကိုစုံစမ်းခြင်း၊ အရောင်းအဝယ်ကျွမ်းကျင်သောလုပ်ငန်းရှင်များနှင့်တိုင်ပင်ခြင်း၊ Myanmar CarsDB Website တွင်လေ့လာခြင်းတို့ဖြင့် အကြမ်းဖျင်းသတ်မှတ်ပြီး ပြင်ပပေါက်ဈေးနှင့်ကွာခြားမှုမရှိစေရန် တွက်ချက်ပြီးမှထုတ်ပြန်ခြင်းဖြစ်ကြောင်း၊ လာမည့် ၂၀၂၀ - ၂၁ ဘဏ္ဍာရေးနှစ်တွင် မော်တော်ယာဉ်ရာဖြတ်တန်ဖိုးများသတ်မှတ်ရာ၌ ပြင်ပပေါက်ဈေးနှင့် ကွာခြားမှုမဖြစ်စေရန်အတွက် မော်တော်ယာဉ်ရောင်းဝယ်ရေးအသင်းများနှင့် ပေါင်းစပ်ညှိနှိုင်းကာ အနီးစပ်ဆုံးဖြစ်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းမှ ပြောကြားခဲ့သည်။


စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် မော်တော်ယာဉ်စံနှုန်း များသတ်မှတ်ရာတွင် တစ်နိုင်ငံလုံးတစ်ပြေးညီဖြစ်စေရန်အတွက် ၂၀၀၃-၂၀၀၄  ဘဏ္ဍာနှစ်မှစတင်ကာ စီမံချက်ရေးဆွဲခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးတွင် စတင်အကောင်အထည်ဖော်ခဲ့ကြောင်း၊ ပထမဦးစွာ ဘဏ္ဍာရေးမစတင်မီ ၃ လခန့်ကြိုတင်ကာ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် ဈေးကွက်အတွင်းမှဈေးနှုန်းများကို စုံစမ်းကာစာရင်းပြုစုခြင်း၊ အဆိုပါဈေးနှုန်းကိုအခြေခံကာ အရောင်းအဝယ်ကျွမ်းကျင်သော လုပ်ငန်းရှင်များနှင့် တိုင်ပင်ဆွေးနွေးခြင်း Myanmar CarsDB Website တွင်လေ့လာခြင်းတို့ကို ဆက်လက်ဆောင်ရွက်ကာ ဈေးနှုန်းကိုအကြမ်းဖျင်း သတ်မှတ်ကြောင်း၊ ဈေးနှုန်းကိုအတည်မပြုမီ ကျွမ်းကျင်သူများနှင့်အသေးစိတ်ထပ်မံဆွေးနွေးပြီးမှသာ ပြင်ပပေါက်ဈေးနှင့် အနီးစပ်ဆုံးခန့်မှန်းတွက်ချက်ပြီး ထုတ်ပြန်ခြင်းဖြစ်ကြောင်း၊ ထိုသို့သတ်မှတ်ထားမှုသည် ပြင်ပပေါက်ဈေးနှင့်ကွာခြားမှုရှိနိုင်ကြောင်း၊ အက္ခရာအနိမ့်အမြင့်၊ ရန်ကုန်/နယ် လိုင်စင်၊ အရောင်၊ မော်တော်ယာဉ်၏ ကြံ့ခိုင်မှုအနေအထား စသည်တို့ကြောင့်လည်း ဈေးနှုန်းကွာခြားမှုရှိနိုင်ကြောင်း၊ စံနှုန်းနှင့် ပြင်ပပေါက်ဈေးတို့ ကွာခြားမှုရှိပါက သက်ဆိုင်ရာမြို့နယ်အခွန်ဌာနမှူးရုံးမှတစ်ဆင့် တိုင်းဒေသကြီး/ ပြည်နယ်အခွန်ဦးစီးဌာနရုံးများမှ မော်တော်ယာဉ်၏ အခြေအနေအပေါ်မူတည်ပြီး သင့်လျော်သောဈေးနှုန်းသတ်မှတ်ပေးရန် လုပ်ပိုင်ခွင့်ပေးထားကြောင်း၊ လာမည့် ၂၀၂၀ -၂၁ ဘဏ္ဍာရေးနှစ်တွင် မော်တော်ယာဉ်စံနှုန်းများသတ်မှတ်ရာတွင် မော်တော်ယာဉ်ရောင်းဝယ်ရေးအသင်းအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းကာ ပိုမိုနီးစပ်မှုရှိသော၊ မျှတသော စံနှုန်းများဖြစ်စေရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင်ပြုလုပ်ခဲ့သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေးတွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှ မော်တော်ယာဉ်ရာဖြတ်တန်ဖိုးများသတ်မှတ်ရာတွင် ပြည်တွင်းအခွန်ဦးစီးဌာနအနေဖြင့် မည်ကဲ့သို့သတ်မှတ်ပြီး ကာလပေါက်ဈေးနှင့်ကွာခြားမှုရှိသည့်မော်တော်ယာဉ်ရာဖြတ်နှုန်းထားများကို မော်တော်ယာဉ်ရောင်းဝယ်ရေးအသင်းများနှင့် ပေါင်းစပ်ညှိနှိုင်းကာ ပြင်ဆင်သတ်မှတ်ပေးရန်အစီအစဉ်ရှိ/မရှိ မေးခွန်းကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

Author