Authorized Automobile Distributors Association (AADA) ၏ အသင်းဖွဲ့စည်းခြင်း အထိမ်းအမှတ် ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲပြုလုပ်

0

Full article

မြန်မာနိုင်ငံ တရားဝင် မော်တော်ကားဖြန့်ဖြူးရောင်းချသူများ အဖွဲ့အစည်း AADA ၏ အသင်းဖွဲ့စည်းခြင်း အထိမ်းအမှတ် ပထမဆုံးအကြိမ်သတင်းစာရှင်းလင်းပွဲကို ပြီးခဲ့သည့် သြဂုတ်လ ၂၄ ရက်နေ့က ၎င်းတို့ ရုံးချုပ်တွင် ကျင်းပ ပြုလုပ်သွားခဲ့သည်။ AADA ကို ပြီးခဲ့သည့် ၂ဝ၁၅ ခုနှစ် အောက်တိုဘာ ၁၄ ရက်နေ့တွင် စတင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး အသင်းဝင် ကားအရောင်းပြခန်း ၁၆ ခုမှ တာဝန်ရှိသူများဖြင့် ပါဝင်ဖွဲ့စည်းထားခဲ့ကြောင်းသိရသည်။ထို့ပြင် အာဆီယံမော်တော်ယာဉ်အသင်းချုပ်၏ အဖွဲ့ဝင်ဖြစ်ခဲ့သောကြောင့် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမို ပြုလုပ် ဆောင်ရွက်သွားနိုင်ပြီဖြစ်ကြောင်းသိရသည်။

AADA ၏ အဓိက ရည်ရွယ်ချက်မှာ အများပြည်သူ သယ်ယူပို့ဆောင်ရေး ကဏ္ဍတွင် လုံခြုံစိတ်ချရပြီး နိုင်ငံတော်၏ လမ်းစနစ်နှင့် ကိုက်ညီသော နိုင်ငံတကာ အဆင့်မီ မော်တော်ယာဉ်အသစ်များ တင်သွင်း ရောင်းချရန်၊ မော်တော်ယာဉ်အသစ်များအား ရောင်းချပြီး ဝန်ဆောင်မှုနှင့် ပုံမှန် ဝန်ဆောင်မှုတို့ကို တာဝန်ယူဆောင်ရွက်ပေးခြင်းဖြင့် လက်ရှိဖြစ်ပေါ်နေသော ယာဉ်အို ယာဉ်ဟောင်းများကြောင့် ယာဉ်မတော်တဆမှုများ ၊ ထိခိုက်သေဆုံးမှုများ လျော့နည်းစေရန်၊ မှန်ကန်သည့် ဈေးနှုန်းဖြင့် တင်သွင်းလာသော မော်တော်ယာဉ် အသစ်များအတွက် တိကျသော အခွန်အခများ ပေးဆောင်ခြင်းဖြင့် နိုင်ငံတော် ဘဏ္ဍာငွေ တိုးတက်ရရှိစေရန် သုံးစွဲသူများမှ သုံးစွဲသူ အခွင့်အရေးကို အပြည့်အဝ ရရှိစေမည့်အပြင် စစ်မှန်သည့် ယာဉ်အပိုပစ္စည်း Genuine parts များကိုပါ တင်သွင်းရောင်းချပေးခြင်းဖြင့် ယာဉ်သုံးစွဲမှု ပိုမို အဆင်ပြေလာစေပြီး အာမခံချက်မရှိသော ယာဉ်ဟောင်းများကြောင့် ဆုံးရှုံးနစ်နာမှုများမှ ကင်းဝေးစေရန်၊ သဘာဝပတ်ဝန်းကျင်နှင့် လေထုညစ်ညမ်းမှုလျော့နည်းသော မော်တော်ယာဉ်အသစ်များကို သုံးစွဲခြင်းဖြင့် အများပြည်သူ၏ ကျန်းမာရေးထိခိုက်မှုလျော့နည်းစေရန်၊ မော်တော်ယာဉ်များအား သတ်မှတ်စံချိန် စံညွှန်းများနှင့် အညီ ပုံမှန်စစ်ဆေးခြင်း ပြုပြင်ထိန်းသိမ်းခြင်းနှင့် မှတ်တမ်းများ ထားရှိခြင်းစသည့်အလေ့အထကောင်းများ ရရှိစေရန်၊ ထို့ပြင် မိမိတို့ လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတော်၏ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ရန်စသည့်အချက်များဖြစ်ကြသည်။

အသင်း၏လက်ရှိ လှုပ်ရှားမှုများတွင် မော်ချီးဒေသရှိ ငလျင်ဒဏ်သင့် ပြည်သူများအတွက် ကျပ် ၁၁၅ သိန်းလှုဒါန်းခြင်း၊ ရေဘေးအတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့ ကျပ် ၁၂၁ သိန်းကျော်လှုဒါန်းခြင်း၊ လွှတ်တော်သို့ ကားပေါ်လစီနှင့် ပက်သတ်သော အစည်းအဝေးများ တက်ရောက်ခြင်း စသည်တို့ ပါဝင်သည်။
လက်ရှိတွင် ရန်ကုန်လိုင်စင်ကားများ တင်သွင်းခွင့် ပိတ်ပင်ထားမှုနှင့် ကားတင်သွင်းခွင့်နှင့် ပက်သက်သည့် ပေါ်လစီများ တိတိကျကျ မထွက်ပေါ်သေးသောကြောင့် Brand New Showroom များအနေဖြင့် အရောင်းအဝယ် လုပ်ကိုင်ရာတွင် အခက်အခဲအချို့ ရှိနေကြောင်းကိုလည်း တာဝန်ရှိသူများမှ ပြောဆိုသွားခဲ့သည်။

Author