မြို့တွင်း ၆ မြို့နယ်တွင် smart parking ကဒ် စနစ်ကျင့်သုံး၍ ယာဉ်ရပ်နားခပြန်လည်ကောက်ခံမည်

0

Full article

ရန်ကုန်မြို့တွင်း ၆ မြို့နယ်အတွင်းယာဉ်ရပ်နားခများကောက်ခံခြင်းကို အောက်တိုဘာလ ၁ ရက်တွင် ကောက်ခံမှုလုပ်ငန်းစတင်မည်ဟု သတ်မှတ်ထားသော်လည်း အဆင့်သင်မဖြစ်သေး၍  အစီအစဉ်ကို ဆိုင်းငံ့ထားရာမှ ယခုတဖန်  Smart Parking ကဒ် စနစ်ကျင့်သုံး၍ ယာဉ်ရပ်နားခပြန်လည်ကောက်ခံသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီလမ်းတံတားဌာနက သိရသည်။

ရန်ကုန်မြို့တွင်း ၆ မြို့နယ်အတွင်းယာဉ်ရပ်နားခကောက်ခံရန် ပုဂ္ဂလိကကုမ္ပဏီများနှင့် ပူးပေါင်း၍ Smart ကားပါကင်လုပ်ငန်းယာဉ်ရပ်နားခကောက်ခံရန် တင်ဒါပြန်လည်ခေါ်ယူသွားမှာဖြစ်ရာ မကြာခင်အသိပေးကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"ကားပါကင်အခက်အခဲများဖြေရှင်းနိုင်ရန်အတွက် လမ်းမကြီးများတွင် လမ်းနယ်နိမိတ်တိုးချဲ့၍ယာဉ်ရပ်နားနေရာများ တည်ဆောက်ပေးလျက်ရှိပြီး မြို့တွင်းမြို့နယ်များ၌ ပုဂ္ဂလိကကုမ္ပဏီများနှင့်ပူးပေါင်း၍ Smart ကားပါကင်လုပ်ငန်းဆောင်ရွက်ရန်စီစဉ်လျက်ရှိပါတယ်"ဟု ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်မျိုးက ပြည်သူ့လွှတ်တော်တွင် ပြောကြားသွားခဲ့သည်။

"မြို့တွင်း ၆ မြို့နယ်မှာ ယာဉ်ရပ်နားကောက်ခံတဲ့ အစီအစဉ်ဖျက်သိမ်းတယ်ဆိုတာမဟုတ်သေးပါဘူး။ Smart Parking ကဒ်စနစ်နဲ့ လုပ်သွားဖို့ လုပ်နေတာ။ယာဉ်ရပ်နားခကောက်မယ့် ရက်ကို ပြန်ပြီး အသိပေးကြေညာပေးသွားမှာပါ။" ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့တွင်းတွင် ယာဉ်ရပ်နားခကောက်ခံမှုအား စည်းမျဉ်းစည်းကမ်း များနှင့်အညီ ဆောင်ရွက်သွားနိုင်ရန်နှင့် ယာဉ်ရပ်နားခများကို လစဉ်ကြေးအနေဖြင့်လုပ်ဆောင်သူများအတွက် လျော့ပေါ့ဈေးနှုန်းဖြင့်ဆောင်ရွက်ပေးရန် ဆွေးနွေးညှိနှိုင်းထားမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

Public Transportation

Author