လမ်းမများပေါ်တွင် ကားရေဆေးခြင်း ကားပါကင်နေရာတွင် မီးစက်နှင့် ပစ္စည်းကိရိယာများထားရှိလျှင် စည်ပင်ဥပဒေသစ်ဖြင့် အရေးယူမည်

0

Full article

အများပြည်သူလမ်းမများပေါ်တွင် ကားရေဆေးခြင်း ကားပါကင်နေရာတွင် မီးစက်နှင့် ပစ္စည်းကိရိယာများထားရှိခြင်းများကို ခေါ်ယူသတိပေးနေပြီး စည်ပင်ဥပဒေသစ်ဖြင့် ဒဏ်ငွေ ၅သိန်း သို့မဟုတ် ထောင်ဒဏ် ၃ လအထိချမှတ်အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သိရပါသည်။

 မကြာခင်က အတည်ပြုလိုက်သော စည်ပင်ဥပဒေအသစ်တွင် လမ်းနှင့် စင်္ကြန်ပေါ်တွင် ညအိပ်ရပ်နားခြင်း၊ အချိန်ကြာမြင့်စွာရပ်နားခြင်း၊ ကားရေဆေးခြင်း၊ မြို့တော်နယ်နမိတ်အတွင်း အခြားမီးစက်နှင့် ကိရိယာများချထားခြင်းများကို တွေ့ရှိရပါက ဒဏ်ငွေ ကျပ် ၁သိန်းမှ ၅သိန်း အထိ ဒဏ်ရိုက်နိုင်ပြီး ထောင်ဒဏ်အထိချမှတ်နိုင်ကြောင်းသိရသည်။

" လမ်းပေါ်မှာကားရေဆေးရင် စည်ပင်ဥပဒေနဲ့ ဒဏ်ငွေ ၁သိန်းကနေ ၅သိန်း အထိ ထောင် ၃ လအထိချမှတ်နိုင်တယ်လို့ပြောတယ်။ ကားရေဆေးလုပ်ငန်းလုပ်ကိုင်တဲ့သူတွေကိုလည်း စည်ပင်က ခေါ်ပြောထားတယ်။ တစ်ကယ်လို့ ရေဆေးချင်ရင် ကားရေးဆေးခုံမှာသွားဆေးရမယ်တဲ့။ ကျွန်တော်တို့က သူများ ပစ္စည်းခိုးစားတာလည်း မဟုတ်ဘူး။အလုပ်အကိုင်ရှားလို့ ကားရေဆေးတာလုပ်နေတာ။ဒီအလုပ်မလုပ်ရင် ဘာသွားလုပ်ရမလဲ။ ကိုယ့်ကားကိုယ်ရေဆေးရင်လည်း မရဘူးတဲ့။လမ်းပေါ်မှာမီးစက်တွေဆိုလည်း အများပြည်သူလမ်းတွေပေါ်မှာ လူသွားစရာနေရာမရှိချထားတာလည်း တစ်ပုံကြီးပဲ။ကြာရှည်စွာ ကားရပ်နားလို့မရဘူးဆိုတာ အချိန်ဘယ်လောက်လဲ။ ဘယ်အဖွဲ့တွေနဲ့ လိုက်ပြီးဖမ်းဆီးမှာလဲ။အဲ့ဒီဖမ်းတဲ့အဖွဲ့ကကော တိတိကျကျ လာဘ်ပေးလာဘ်ယူကင်းကင်းနဲ့ လုပ်မလား ဆိုတာစောင့်ကြည့်ရမှာပဲ။"ဟု ရန်ကုန်မြို့ ဗိုလ်တစ်ထောင်မြိုနယ်တွင် ကားရေဆေးအလုပ် နှစ်၂ဝ အထိလုပ်ကိုင်နေသူ ကိုရှည်ကြီးက ပြောကြားသည်။

အများပြည်သူ ယာဉ်မရပ်ရနေရာများတွင် အချိန်ကြာမြင့်စွာ အကြာင်းမဲ့ ရပ်နားထားခြင်း၊ပြုပြင်ခြင်းနှင့် ဥပဒေအတိုင်းယာဉ်သွားလာခြင်း၊ ရပ်နားခြင်းတို့အား အနှောင့်အယှက် ဖြစ်စေသောအတားအဆီးများပြုလုပ်ပါက ငွေဒဏ် ၁သိန်း မှ ၅သိန်း အထိသတ်မှတ်ထားရှိရာ ထိုကားမှ ဒုတိယအကြိမ် ကျူးလွန်ပါက ထောင်ဒဏ် ၃ လအထိ ချမှတ်အရေးယူနိုင်ကြောင်းသိရသည်။

Law Enforcement

Author