Full article

၂ဝ၁၃ ခုနှစ်၊ မေလတွင် စတင် ဖောက်လုပ်ခဲ့သော အောင်မင်္ဂလာလမ်းမကြီးမှာ ဒီဇင်ဘာလအတွင်း ပြီးစီးရန် သတ်မှတ်ထားသော်လည်း ၂ဝ၁၄ ခုနှစ်၊ ဇန်နဝါရီလအထိ ပြီးစီးမှုမရှိသည့်အတွက် အောင်မင်္ဂလာ အဝေးပြေးဝင်းအတွင်း ယာဉ်ကြောကျပ်မှုဆက်လက် ဖြစ်ပွားလျက်ရှိပြီး ယာဉ်အဝင်၊ အထွက်နေရာများ၌ အခက်အခဲများ ဖြစ်ပွားလျက်ရှိကြောင်း ယာဉ်မောင်းများနှင့် ခရီးသည်များထံမှ စုံစမ်းသိရသည်။

Highway1

ပြီးခဲ့သည့်နှစ်အတွင်း အောင်မင်္ဂလာအဝေးပြေးဝင်း အတွင်းရှိ လမ်းပေါင်း နှစ်ဆယ် ပြုပြင်ခင်းကျင်းခြင်းနှင့် ဆိုက်ရောက်/ထွက်ခွာ အဆောက်အအုံ တည်ဆောက်ခြင်း များကြောင့် ဝင်းအတွင်း ယာဉ်အဝင်/အထွက် ဂိတ်ပေါက်များ ပြောင်းလဲခဲ့ရပြီး ယခုအခါ အဓိက ယာဉ်ဝင်/ထွက်ပေါက်အဖြစ် အသုံးပြုနေသော အောင်မင်္ဂလာလမ်းမကြီး မှာလည်း သတ်မှတ်ကာလအတွင်း ပြီးစီးမှုမရှိသောကြောင့် ယာဉ်ကြောကျပ်မှု ပြဿနာ ဆက်လက် ဖြစ်ပွားနေရကြောင်းနှင့် သုဓမ္မာလမ်းမကြီးကို အသုံးပြုနေရသော ခရီးသွားမှာလည်း အခက်ကြုံ နေရကြောင်း သိရသည်။ အဝေးပြေးဝင်းမှာ ပိတ်နေတော့ သုဓမ္မာလမ်းတစ်လျှောက်လည်း ပိတ်တာပဲ၊ မြို့ထဲလည်းပိတ်၊ မြို့ပြင်ပိတ်၊ ဘယ်နေရာမဆို ပိတ်နေတော့ ခက်တာပါပဲ၊ ဒါပေမဲ့ မနက်ပိုင်းနဲ့ ညနေပိုင်းပိတ်တာ၊ ရုံးတက်/ရုံးဆင်း၊ ကျောင်းတက်/ကျောင်းဆင်းချိန်ကြီး ပိတ်နေတော့ အဆင်မပြေဘူး၊ တက္ကသိုလ်ကျောင်းသားတွေက ကိစ္စမရှိပေမဲ့ ရုံးသမားတွေက ဒုက္ခအရမ်း ရောက်တယ်ဟု မင်္ဂလာဒုံမြို့နေ မဥမ္မာက ပြောသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ မြို့တော်စည်ပင် (အခွန်ဌာန)မှ ဌာနခွဲမှူး ဦးဇော်မင်းက ရေမြောင်း ပြင်ဆင်မှုနဲ့ လမ်းမတစ်လျှောက် ကားရပ်နားနေရာတွေ ထည့်သွင်း တည်ဆောက်နေရတဲ့ အတွက်ပါ၊ အရင်လမ်းဟောင်းကို ပြုပြင်ခင်းကျင်းရတာ ဖြစ်တဲ့အတွက် အခက်အခဲတော့ ရှိပါတယ်၊ လမ်းချဲ့မယ့်နေရာက ကန်စွန်းခင်းအဟောင်း တွေဆိုတော့ မြေဖို့တာ ကိုလည်း တော်တော်လေး လုပ်ခဲ့ရတယ်၊ အခုက ၉ဝ ရာခိုင်နှုန်းပြီးနေပါပြီ၊ မကြာခင်ဖွင့်နိုင်မှာပါ၊ တစ်ခြမ်းခင်းစနစ်နဲ့ သွားရတဲ့အတွက်ယာဉ်ကြော ပိတ်တာတော့ အနည်းငယ်ရှိမှာပါဟု ပြောသည်။

Ref: Automobile

Author