ယခုအခါနိုင်ငံခြားမှ တိုက်ရိုက်တင်သွင်းလာသော ကားဟောင်း ကားသစ်များ တဖြည်းဖြည်း များပြားလာသည်နှင့်အမျှ ကားလမ်းများပေါ်တွင်လည်း ယခင်ကထက် ပို၍ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားလျှက်ရှိနေပြန်ပါသည်။ ယာဉ်ကြောပိတ်ဆို့မှု ပြသနာမှာ နိုင်ငံတိုင်းလိုလိုတွင် ရှိနေတတ်သော်လည်း မြန်မာနိုင်ငံ၏ လက်ရှိ ကားအရေအတွက်၊ လူဦးရေ နှင့် အကျယ်အဝန်း စသည်တို့ကို နှိုင်းယှဉ်ကြည့်ပါက လက်ခံနိုင်ဖွယ်မရှိပါ။ အခြားနိုင်ငံများနှင့်ယှဉ်လျှင် မော်တော်ယာဉ်အရေအတွက်မှာ များစွာ နည်းပါးနေသေးသော်လည်း ယာဉ်ကြောပိတ်ဆို့မှုများ ပိုမိုဆိုးရွားလာခြင်းမှာ အကြောင်းအရင်းပေါင်းများစွာ ရှိနေပါသည်။ ထို့ကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဆိုးရွားလာခြင်းမှာ ကားအရေအတွက်များပြားလာခြင်းကြောင့်ဟု ဆိုရပါလျှင် သဘာဝကျနိုင်ပါမည်လော။
ယာဉ်စည်းကမ်းနှင့် လူစည်းကမ်း
ကားမောင်းသူများအနေဖြင့် ယာဉ်စည်းကမ်း လိုက်နာရန်လိုသလို လမ်းသွားလမ်းလာများအနေဖြင့်လည်း စည်းကမ်းရှိဖို့လိုပါသည်။ သို့သော် စည်းကမ်းမရှိကြ၍ဟု ပြောနေရုံဖြင့် မပြီးပဲ အဖြေရှာ၍ တတ်နိုင်သမျှ လျှော့နည်းအောင်လုပ်ဆောင်ရပါမည်။ အခြားနိုင်ငံများတွင် ဘတ်စ်ကားမောင်းနှင်သူများမှာ လခစားများဖြစ်ကြ၍ အပြိုင်အဆိုင် မောင်းနှင်စရာမလိုပါ။ မြန်မာနိုင်ငံမှ ဘတ်စ်ကားမောင်းသူများမှာ လူများများတင်နိုင်မှ ပိုက်ဆံများများရနိုင်မည်ဖြစ်၍ အပြိုင်အဆိုင် အတင်းအကြပ် မောင်းနှင်ကြရသည်။ ထိုသူများကို စည်းကမ်းဖောက်ဖျက်၍ အပြစ်ပေးယုံဖြင့် ပြသနာမှာ ဖြေရှင်းမရနိုင်ပါ။ စည်းကမ်းလိုက်နာနိုင်ရန် ပညာပေးဖို့လိုသလို စည်းကမ်းလိုက်နာစေရန် စနစ်တစ်ခု ဖန်တီးပေးဖို့မှာလည်း အရေးကြီးပါသည်။
လမ်းဘေးပလက်ဖောင်းများ ပေါ်တွင် လမ်းလျှောက်ရန် မဖြစ်နိုင်၍ ကားလမ်းပေါ်တွင် လူအများ လမ်းလျှောက်သွားလာကြရသည်။ လူကူးမျဉ်းကြားမှ မကူးလျှင် အဖမ်းခံရနိုင်သော်လည်း ထိုလူကူးမျဉ်းကြားတွင်ပင် အရှိန်ဖြင့် ဖြတ်သန်းနေကြသော ကားများအကြား အန္တရယ်များအကြား ကူးဖြတ်နေကြရသည်မှာလည်း အဘယ်ကြောင့်နည်း။ ပြည်သူများအား စည်းကမ်းလိုက်နာစေလိုပါက စည်းကမ်းလိုက်နာနိုင်စေရန် အခြေခံအုပ်မြစ်များ စနစ်တကျ တည်ဆောက်ပေးရန်မှာလည်း အင်မတန်လိုအပ်လှပါသည်။
လကမ္ဘာအလား ကားလမ်းများ
ကားမောင်းနှင်ရန်လမ်းများသည် ကားအမှန်တကယ်မောင်းနှင်နိုင်စေရန် လိုအပ်ပါသည်။ ချိုင့်ခွက်များ၊ အဖုအထစ်များပြည့်နှက်နေသည့် လမ်းများပေါ်တွင် ပုံမှန်မမောင်းနှင်နိုင်သည့်အခါ လိုရာခရီးမရောက်ပဲ ယာဉ်ပိတ်ဆို့မည်မှာ မလွဲပေ။ ၁၂ရာသီ ပြုပြင်နေရသော ကားလမ်းများ ရန်ကုန်မြို့ပေါ်တွင် မရေတွက်နိုင်အောင် ရှိနေခြင်းသည် ယာဉ်ပိတ်ဆို့မှုပြသနာ၏ အကြောင်းတစ်ရပ်ဖြစ်နေပါသည်။
ကားရပ်နားရန် နေရာများ
ရန်ကုန်မြို့ထဲရှိ မြို့နယ်များတွင် အင်္ဂလိပ်ခေတ်ကပင် တည်ဆောက်ခဲ့သော အထပ်နိမ့် အိမ်ယာများမှာ ယခုအချိန်တွင် များစွာ ပြောင်းလဲသွားပြီး အထပ်မြင့်အဆောက်အဦးများ နေရာယူလာကြသည်။ သို့သော် လမ်းများမှာ ပိုမကျယ်လာသလို ကားရပ်နားရန် နေရာများလည်း ထည့်သွင်းတည်ဆောက်ခဲ့ခြင်း မရှိကြပါ။ လမ်းကျဉ်းလေးထဲတွင် ရပ်နားထားသော ကားများအကြား ရှေ့သို့ရောက်ရန် မနည်းမောင်းနှင်နေရလျှင် ထိုလမ်းများ ပိတ်ဆို့နေရသည်မှာ မဆန်းပါ။ ခေတ်အဆက်ဆက် Urban Planning မရှိခဲ့ပဲ တည်ဆောက်ခဲ့ကြသည့် ကန်ထရိုက်တိုက်များ၏ အကျိုးဆက်ကို လက်ရှိအချိန်တွင် ခံစားနေကြရခြင်းဖြစ်ပါသည်။
ဘယ်သူစည်းကမ်းထိန်းမှာလဲ
ယာဉ်စည်းကမ်းများထုတ်ထားလျှင် လိုက်နာရမည်။ ထိုသို့မလိုက်နာပါက ထိုက်သင့်သလို အရေးယူမှုများ ပြုလုပ်ရပါမည်။ သို့သော် မည်သူတွေက အရေးယူမည်နည်းဆိုသည့် မေးခွန်းမှာ လွယ်မယောင်နှင့် ခက်နေပြန်ပါသည်။ စည်းကမ်းဖောက်မှု အလွန်များသည့် ဘတ်စ်ကားများနှင့် လည်းကောင်းတို့ကို အရေးယူရမည့် ပုဂ္ဂိုလ်များ အပြန်အလှန် အပေးအယူတည့်နေကြသည်မှာ အံ့သြဖွယ်ရာပင်။ မကြာခဏပျက်တတ်သည့် မီးပွိုင့်များတွင် ယာဉ်လမ်းကြောအား ကူညီဖြေရှင်းပေးမည်သူမရှိပဲ ဦးရာလူစနစ်ဆန်ဆန် မောင်းနှင်နေရသည်မှာလည်း အန္တရာယ်များလှသလို လမ်းပိတ်ဆို့မှုဖြစ်စေပါသည်။
အချုပ်အားဖြင့် ဆိုရသော် ကားများ များပြားနေခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်နေသည်ဟု ဆိုခြင်းမှာ မီးတောင်အပေါက်ဝရှိနေသောကြောင့် မီးတောင်ပေါက်ကွဲရသည်ဟု ယူဆခြင်းနှင့် အတူတူဖြစ်နေပါလိမ့်မည်။
Photo credit mckaysavage