ဝန်ထမ်းကားပါမစ် လျှောက်ထားသူအရေအတွက် ၂၀၀ ကျော်ဝန်းကျင်ခန့်ရှိပြီဖြစ်ကြောင်း

0

Full article

ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများ၏ ဝန်ထမ်းကားပါမစ် လျှောက်ထားသူအရေအတွက် ၂၀၀ ကျော်ဝန်းကျင်ခန့်ရှိသွားပြီဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

ပြည်သူ့ဝန်ထမ်းနှင့်နိုင်ငံ့ဝန်ထမ်းများအား မော်တော်ယာဉ်ဝယ်ယူခွင့်ပြုရန်စတင်ခွင့်ပြုသည့် ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်ပြီး လျှောက်ထားသည့်ဦးရေ ၂၀၀ ကျော်သွားပြီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

“လျှောက်ထားတဲ့ တဲ့အရေအတွက်ကတော့ များနေပြီဗျ။ သက်ဆိုင်ရာဝန်ကြီးဌာနတွေကနေ နေ့တိုင်းလိုလို လျှောက်လွှာတွေရောက်နေပါတယ်။ ဘယ်ဌာနက ဘယ်နှဦးလျှောက်တယ်ဆိုတဲ့ စာရင်းကတော့ အတိအကျပြောဖို့ကျတော့ စာရင်းကောက်ထားတာမဟုတ်တော့ ပြောဖို့ခက်ပါတယ်။ သက်မှတ်ချက်နဲ့ ကိုက်ညီတဲ့ လျှောက်လွှာတွေကိုတော့ တောက်လျှောက်ပို့နေရပါတယ်။ အကြမ်းဖျဉ်းပြောရရင်တော့ ပြီးခဲ့တဲ့ တစ်ရက်နှစ်ရက်တုန်းက ၂၀၀ ဝန်းကျင်ဆိုတော့ အခုဆို ၂၀၀ ကျော်လောက်တော့ရှိပြီပေါ့။ နောက်လည်း ထပ်ပြီးတိုးလာမယ်လို့ထင်ပါတယ်။”

ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့သည်။

ဝန်ထမ်းကားပါမစ် စတင်ခွင့်ပြုချိန်ဖြစ်သည့် ဒီဇင်ဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း၌ လျှောက်ထားသူအရေအတွက် ၃၂ ဦးရှိခဲ့ပြီး ပညာရေးဝန်ကြီးဌာနမှ ၃၀ ဦးနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တစ်ဦးစီဖြင့် အသီးသီးလျှောက်ထားခဲ့ကြပြီး ယခု ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ၂၀၀ ကျော်ဝန်းကျင်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ဝန်ထမ်းပါမစ်အတွက် ပြည်ပမော်တော်ယာဉ်တင်သွင်းခြင်းတွင် ထုတ်လုပ်သည့်ခုနှစ်သတ်မှတ်ချက်အရ ၂၀၂၀ ပြည်နှစ်အတွက် ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ Model ကိုလည်းကောင်း၊ ၂၀၂၁ ခုနှစ်အတွက် ၂၀၁၉ မှ ၂၀၂၁ ခုနှစ်ထုတ်မော်ဒယ်ကိုလည်းကောင်း ခွင့်ပြုဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး၊ CIF တန်ဖိုးများတွက်ချက်ရာတွင် မြန်မာကျပ်ငွေလဲလှယ်နှုန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အပတ်စဉ်ထုတ်ပြန်သည့် နိုင်ငံခြားငွေလှဲလှယ်နှုန်းဖြင့်တွက်ချက်ဆောင်ရွက်သွားမည်ဖြစ်ကာ မော်တော်ယာဉ်ဝယ်ယူတင်သွင်းခြင်းအတွက် သွင်းကုန်လိုင်စင်ကြေးကင်းလွတ်ခွင့်ရရှိမည်ဖြစ်ကြောင်းသိရသည်။ ထို့အပြင် ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခွင့်လျှောက်ထားရာတွင် လျှောက်လွှာနှင့်အတူ Proforma invoice (မူရင်း)၊ sale contract (မူရင်း)၊ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူတို့ ပူးတွဲလျှောက်ထားရမည်ဖြစ်ပြီး၊ ပြည်တွင်းအရောင်းပြခန်းမှဝယ်ယူခြင်းအတွက် လျှောက်လွှာနှင့်အတူ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူတို့ပူးတွဲလျှောက်ထားရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနထံမှ သိရသည်။

နောင်နှစ်များတွင်လည်း အောက်တိုဘာလ (၁) ရက်နေ့တွင် အသက် (၅၇) နှစ်နှင့်အထက်ရှိလာမည့် ပင်စင်ယူရန် (၃) နှစ်အလိုဖြစ်သော ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်ရရှိထားပြီး တာဝန်ထမ်းဆောင်ဆဲ ပြည်သူ့ဝန်ထမ်းနှင့်နိုင်ငံဝန်ထမ်းများအား မော်တော်ယာဉ်တင်သွင်း/ ဝယ်ယူခွင့်ကို ထုတ်ပြန်ကြေညာခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အသိပေးကြေညာထားပါသည်။

Author