ရန်ကုန်တောင်ပိုင်းခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးကို နေရာပြောင်းရွှေ့ဖွင့်လှစ်ခြင်းအားအသိပေးကြေညာခြင်း

0

Full article

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ရုံးအား နေရာပြောင်းရွေ့ဖွင့်လှစ်ထားကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အများပြည်သူသို့ အသိပေးကြေညာချက်ထုတ်ပြန်ထားပါသည်။

ယခင်က သန်လျင်မြို့၊ ကျိုက်ခေါက်ဘုရားလမ်း၊ မြို့ဟောင်းရပ်ကွပ်တွင် တည်ရှိခဲ့သော ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ရုံးအား (၃၀.၁၁.၂၀၂၀) ရက်နေ့မှ စတင်ကာ သန်လျှင်မြို့၊ သီလဝါလမ်းမကြီးဘေး၊ ဘုရားကုန်းရပ်ကွက်၊ ဇာမဏီနောက်ကွင်း နေရာသို့ ပြောင်းရွှေ့ခဲ့ကာ ဝန်ဆောင်မှုလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ယာဉ်စစ်ဆေးခြင်း၊ ယာဉ်မှတ်ပုံတင်လုပ်ငန်းများဆောင်ရွက်ခြင်းနှင့် ယာဉ်မောင်းလိုင်စင်ဆိုင်ရာလုပ်ငန်းများကို အဆိုပါ ရုံးသစ်တွင်သာ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။ ထိုသို့ပြန်လည်ဝန်ဆောင်မှုပေးချိန်တွင် ပြည်သူများအဆင်ပြေစွာ ဆောင်ရွက်နိုင်ရန် ရုံးသစ်ဝန်းအတွင်း စီစဉ်ဆောင်ရွက်ထားပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် COVID -19 ရောဂါ ကာကွယ်ရေးဆိုင်ရာ သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ရုံးသစ်အား ဆက်သွယ်လိုပါက ဖုန်းနံပါတ် ၀၅၆-၂၂၀၀၁ ၊ ၀၅၆ - ၂၁၀၈၀ သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်းသိရသည်။ လက်ရှိတွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ဝန်ဆောင်မှုလုပ်ငန်းများတွင် ကနဦး ယာဉ်မှတ်ပုံတင်ခြင်းကိုသာ ဆောင်ရွက်ပေးလျက်ရှိပြီး ယာဉ်စစ်ဆေးခြင်း၊ ယာဉ်မှတ်ပုံတင်ခြင်းနှင့် ယာဉ်မောင်းလိုင်စင်ဆိုင်ရာလုပ်ငန်းများ ပြန်လည်ဝန်ဆောင်မှုပေးမည့်နေ့ရက်ကို အသိပေးကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

Author