ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ရန်ကုန်ဘူတာကြီး အထိပြေးဆွဲပေးသွားမည့် airport shuttle အမြန်ယာဉ်လိုင်းသစ်ကို ခရီးသည်တစ်ဦးလျှင် ယာဉ်စီးခနှုန်းထား ၅ဝဝ ကျပ်ဖြင့် ဇွန် ၂၂ ရက်တွင် စတင်၍ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း Omni Focus ကုမ္ပဏီကနေသိရပါသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ရန်ကုန်ဘူတာကြီး အထိ ပထမဆုံးပြေးဆွဲပေးမယ့် airport shuttle အမြန်ယာဉ်လိုင်းသစ်ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ၈ မိုင်လမ်းဆုံ၊ ရန်ကုန်ဟိုတယ် ၊ နဝဒေးရုပ်ရှင်ရုံ၊ ကမ္ဘာအေးဘုရားလမ်း၊ Sedona Hotel၊ မြန်မာပလာဇာ၊ Melia Hotel၊ Excel Hotel ၊ ရွှေဂုံတိုင် ၊ ရွှေတိဂုံဘုရား၊ တိရစ္ဆာန်ဥယျာဉ်၊ Park Royal Hotel ၊ သမ္မတရုပ်ရှင်ရုံ၊ Shangri-La Hotel၊ Sule Square ၊ ဆူးလေဘုရား ၊ ရန်ကုန်ဘူတာကြီးအထိ ခရီးစဉ်တစ်လျှောက် မှတ်တိုင် ၁၆ ခုသာ ခရီးသည်အတင်အချပြုလုပ်မည်ဖြစ်ပြီး ကမ္ဘာအေးဘုရားလမ်းကြောင်းအတိုင်း ဖြတ်သန်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
" ရန်ကုန်လေဆိပ်ကနေ ရန်ကုန်ဘူတာကြီးအထိ airport shuttle ယာဉ်လိုင်းကို ဇွန် ၂၂ ရက်မှာစပြီးပြေးဆွဲသွားမယ်။ ယာဉ်စီးခကတော့ ခရီးသည်တစ်ယောက်ကို ၅ဝဝ ကျပ် နှုန်းသတ်မှတ်ထားတယ်။ကားပေါ်ကဆင်းလိုက်တာနဲ့ လေဆိပ်ဝန်းထဲကို ဝင်လို့ရအောင်စီစဉ်ထားတယ်။"ဟု airport shuttle ယာဉ်လိုင်းပြေးဆွဲပေးမည့် Omni Focus ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာဦးထွန်းတောက်ဝင်းက ပြောကြားသည်။
ရန်ကုန်လေဆိပ်နှင့် ဘူတာကြီးအထိ airport shuttle သဘောမျို း ချိတ်ဆက်ပြေးဆွဲခြင်း ဖြစ်သောကြောင့် ပြည်ပခရီးသွားများနှင့် နိုင်ငံခြားသားခရီးသည်များပါ စီးနင်းနိုင်ရန် စီမံထားလျှက်ရှိရာ ယာဉ်လိုင်း စစချင်းတွင် ကားအစီးရေ ၃ဝ ခန့်သာ ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်းသိရသည်။