Airport Shuttle အမြန်ယာဉ်လိုင်းနှင့် YBS ယာဉ်လိုင်း ၅ လိုင်း အချိန်ပြည့် ၂၄ နာရီပြေးဆွဲပေးမည်

0

Full article

ရန်ကုန်မြို့တွင်း ညအချိန်တွင် ခရီးသည်များသွားလာရအဆင်ပြေစေရန်နှင့်  ကြားကားများပြေးဆွဲမှုပပျောက်စေရန်အတွက် Omini Focus ကုမ္ပဏီ မှ ပြေးဆွဲနေသော Airport Shuttle အမြန်ယာဉ်လိုင်းနှင့် YBS ယာဉ်လိုင်း ၅ လိုင်းအား  ၂၄ နာရီအချိန်ပြည့် ပြေးဆွဲပေးသွားမှာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့ YRTA ကသိရသည်။

 ထိုကဲ့သို့ YBS ခရီးသည်တင်ယာဉ်လိုင်းများ အချိန်ပြည့် ၂၄ နာရီ ပြေးဆွဲပေးရန် ယာဉ်လိုင်းပြေးဆွဲသည့် ကုမ္ပဏီများမှ တင်ပြထားရာ ယာဉ်စီးခနှူန်းကိုလည်းပြောင်းလဲ ကောက်ခံသွားမည်မဟုတ်ဘဲ ယခင်ကောက်ခံနှုန်းအတိုင်းကောက်ခံမှာဖြစ်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ရန်ကုန်ဘူတာကြီးအထိ ပြေးဆွဲနေသည့် Airport Shuttle အမြန်ယာဉ်လိုင်းနှင့် YBS 20 ၊ YBS 56 ၊ YBS 83 ၊ YBS 98 နှင့် YBS 99 ယာဉ်လိုင်းတို့ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။

"YBS ယာဉ်လိုင်း ၆ လိုင်းက ၂၄ နာရီပြေးဆွဲဖို့ ကုမ္ပဏီတွေက YRTA ကို လာပြီးတင်ပြထားပါတယ်။ ခရီးသည်တွေသွားလာရအဆင်ပြေဖို့ ၂၄ နာရီ ပြေးဆွဲဖို့ခွင့်ပြုပေးဖို့ ကုမ္ပဏီတွေနဲ့ ညှိနှိုင်းတာတွေလုပ်နေတယ်။ကားခကိုတော့ အရင်သတ်မှတ်တဲ့ နှုန်းအတိုင်းပဲ ကောက်ခံရမှာပါ"ဟု အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့ YRTAကတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထိုကဲ့သို့ ညအချိန်အထိ အချိန်ပြည့် ၂၄ နာရီပြေးဆွဲပေးရာတွင် ခရီးသည်များ၏ လုံခြုံရေးနှင့် ယာဉ်မောင်းနှင်သူအတွက် လုံခြုံရေးအပိုင်းကို ထည့်သွင်းစဉ်းစားထားရှိပြီး ယာဉ်အစီးရေကို ညအချိန်မောင်းနှင်ရာမှာ တစ်နာရီခြား တစ်စီးနှုန်း မောင်းနှင်ပြေးဆွဲပေးသွားရန် ညှိနှိုင်းထားရှိကြောင်း သိရသည်။

Public Transportation

Author