ရန်ကုန်လိုင်စင်ပြန်ခွင့်ပြုမည့်သတင်းကြောင့် ယာဉ်အိုယာဉ်ဟောင်းအပ် စလစ်ဈေးများ ၃သိန်းခန့်ကျဆင်းလာပီး အမြင့်ဆုံး ၁၅ သိန်း အထိ ကျဆင်းလာနိုင်ဖွယ်ရှိ

0

Full article

၂  နှစ်ကျော်ပိတ်ထားခဲ့သည့် ရန်ကုန်လိုင်စင်အား YVQC စနစ်ဖြင့် ပြန်လည်ခွင့်ပြုပေးမည့်သတင်းများကြောင့် ရန်ကုန်လိုင်စင်ရရှိနေသော ယာဉ်အိုယာဉ်ဟောင်း အပ်ကားများ၏ စလစ်ဈေးများကျပ် ၃သိန်းခန့်ကျဆင်းလာပီး အမြင့်ဆုံး၁၅ သိန်းအထိ ကျဆင်းလာနိုင်ဖွယ်ရှိနေကြောင်း ယာဉ်အိုယာဉ်ဟောင်းအပ်ကားအရောင်းအဝယ်ပြုလုပ်သူများထံမှ သိရသည်။

ရန်ကုန်လိုင်စင် Yangon Vehicle Quota Certificate (YVQC ) လတ်မှတ်စနစ်ကို လာမည့် ၂ဝ၁၉ နှစ်စတွင်၍ ကျပ်သိန်း ၉ဝ ဖြင့် ရောင်းချမည်ဆိုသော သတင်းများထွက်ပေါ်လျက်ရှိနေသောကြောင့် ရန်ကုန်လိုင်စင်ရရှိရန်အတွက် အသုံးပြုနေရသော ယာဉ်အိုယာဉ်ဟောင်းအစားထိုးအပ်နှံသည့် စလစ်များမှာ ပြီးခဲ့တဲ့လအတွင်း ကျပ်သိန်း ၁၃ဝ ရှိခဲ့ရာက ယခုလကုန်ခါနီး ကျပ် ၃ သိန်း ဝန်းကျင်ခန့်ကျဆင်းလာနေသည်ဟု သိရသည်။

"ရန်ကုန်လိုင်စင်ကို သိန်း ၉ဝ နဲ့ပေးမယ်ဆိုပီး သတင်းတွေထွက်နေတယ်။ သိန်း၉ဝ နဲ့ရမယ်ဆိုတော့ ယာဉ်အိုယာဉ်ဟောင်းအပ်ကားစလစ်ဈေးက သိန်း ၁၃ဝ လောက်ပေါက်တာကနေ ၃ သိန်း လောက်ဈေးကျလာတယ်။ ၁၅ သိန်း လောက်အထိလည်း ကျလာနိုင်တယ်လို့ ခန်းမှန်းနေကြတယ်။ စလစ်ကပ်ရမယ့် consignments ကားတွေကလည်းအများကြီးရှိသေးတယ်။ နယ်မှာရှိတဲ့ကားတွေကတော့ နယ်နဲ့ပဲယူကြမှာဆိုတော့ ယာဉ်အိုယာဉ်ဟောင်း စလစ်က လိုအပ်ချက်ရှိနေဦးမှာ။" ဟု ယာဉ်အိုယာဉ်ဟောင်း အပ်ကားများအရောင်းအဝယ်ပြုလုပ်နေသူ ဦးစိန်မြင့်က ဆိုသည်။

ရန်ကုန်လိုင်စင်ခွင့်ပြုပေးရန်မသေချာသေး၍ ရန်ကုန်လိုင်စင်အဓိကရရှိနေသည့် ယာဉ်အိုယာဉ်ဟောင်း အပ်နှံသည့်သက်တမ်းနှစ်၂ဝ အပ်ကား အမည်ပေါက်စလစ်ဈေးကျပ် ၁၁၇ သိန်းမှ ၁၃၃ သိန်း အထိ မြင့်တက်လာခဲ့ရာ လက်ရှိ အမည်ပေါက်အပ်ကားစလစ်ဈေးမှာ ကျပ် ၁၂၇ သိန်း ရှိပြီး တိုက်ကြေကား စလစ်တစ်စောင်လျင် ကျပ် ၈၃ သိန်းခန့်နဲ့ တိုက်ကြေအမည်ပေါက်စလစ်မှာ ၁၁၉ သိန်း အထိရှိနေကြောင်း အပ်ကားဈေးကွက်အတွင်းကသိရသည်။

Author