ဝန်ထမ်းပါမစ်ကိစ္စရပ်အတွက် ဘက်ပေါင်းစုံက စဉ်းစားချင့်ချိန်ပြီးမှ မည်ကဲ့သို့ဆောင်ရွက်မည်ကို ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးမှ ပြောကြား

0

Full article

ဝန်ထမ်းပါမစ်ကိစ္စရပ်သည် လုပ်သက် ၂၅ နှစ်နှင့်အထက်၊ ပြစ်မှုတစ်စုံတစ်ရာမရှိသည့် ပင်စင်ယူခါနီး ဝန်ထမ်းကောင်းများနိုင်ငံတော်မှ အသိအမှတ်ပြုရန်ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ စီပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ရှင်းလင်းချက်များမှာ အလွန်အကျွံဖြစ်ခဲ့ကာ ဈေးကွက်အပေါ်သက်ရောက်မှုများ၊ လုပ်ငန်းရှင်များ၏ ကန့်ကွက်မှုတွင်ပါဝင်သောအချက်များကို ပြန်လည်သုံးသပ်နေကြောင်းနှင့် ဘက်ပေါင်းစုံမှ စဉ်းစားချင့်ချိန်ပြီးမှ မည်ကဲ့သို့ဆောင်ရွက်မည်ကို ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးမှ ပြောကြားခဲ့သည်။

“ကျွန်တော်တို့ အဓိက ရည်ရွယ်ခဲ့တာက ပင်စင်သွားခါနီးဝန်ထမ်းတွေပေါ့၊ နိုင်ငံ့တာဝန်ကို ပြစ်မှုတစ်စုံတစ်ရာမရှိထမ်းဆောင်းခဲ့တဲ့သူတွေ၊ စစ်ဘက်မှာဆို ၂၅ နှစ်နဲ့ အရပ်ဘက်မှာဆိုရင် လုပ်သက် ၂၆  နှစ်ဆို ပြည်သူ့ဝန်ထမ်းကောင်းလက်မှတ်ရပါတယ်။ အဲဒီ ပြည်သူ့ဝန်ထမ်းကောင်းလက်မှတ်ရတဲ့သူဟာ မင်နီမရှိရဘူး၊ ပြစ်မှုကျူးလွန်ထားတာမရှိရဘူး၊ စည်းကမ်းဖောက်ဖျက်ထားတာမရှိရဘူး၊ အဲဒီလိုလူတွေကိုပေးတာပါ။ ဒီလို စည်းနဲ့ကမ်းနဲ့နေထိုင်လာတယ်၊ ကောင်းကောင်းမွန်မွန်လုပ်ကိုင်တယ်၊ ပင်စင်သွားတော့မယ်ဆိုရင် ဒီလိုဝန်ထမ်းတွေအတွက် နိုင်ငံတော်က တစ်စုံတစ်ရာအသိအမှတ်ပြုတဲ့အနေနဲ့၊ ချီးမြှင့်ဖို့ လုပ်မယ်ဆိုပြီး စခဲ့တာပါ။ သို့သော် စီးပွားကူးသန်းရဲ့ စာတွေထုတ်တာတွေ၊ ရှင်းလင်းတာတွေက နည်းနည်းလေးအလွန်အကျွံဖြစ်နေတယ်။ အလွန်အကျွံဖြစ်နေတဲ့အတွက် လူကြီးတွေက ဒါကိုဆိုင်းငံ့ထားလို့ပြောလိုက်တယ်။  ပြည်တွင်းမှာရှိတဲ့ Showroom သမားတွေ၊ SKD သမားတွေ၊ ပြည်တွင်းမော်တော်ယာဉ်တင်သွင်းသူတွေနဲ့ လက်တွဲလုပ်ကိုင်နေကြတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း သတင်းစာရှင်းလင်းပွဲတွေ၊ ကန့်ကွက်မှုတွေလုပ်ကြပါတယ်။ နောက်ဆုံး သူတို့ကနေ နိုင်ငံတော်သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ဆီကို စာတွေတင်တယ်။ အဲဒီစာတွေကိုလည်း ကျွန်တော်တို့ဖတ်ရပါတယ်။ အဲဒီစာမှာပါတဲ့အချက်တွေကိုလည်း ပြန်ပြီးသုံးသပ်နေပါတယ်”

ဟု ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင်ပြုလုပ်ခဲ့သော နိုင်ငံတော်သမ္မတရုံးပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးမှပြောကြားခဲ့သည်။

ထို့အပြင်ထပ်မံပြီး

“တစ်နှစ် တစ်နှစ်ကို ပင်စင်သွားတဲ့လူက ပျမ်းမျှ လေးသောင်းခွဲလောက်ရှိပါတယ်။ ဒီထဲမှာမှ ပြည်သူ့ဝန်ထမ်းကောင်းလက်မှတ်ရတဲ့သူ ဘယ်နှယောက်ပါမလဲဆိုတာကို ပြည်ထောင်စုအစိုးရအဖွဲ့ကနေ ဝန်ကြီးဌာနတွေဆီကို စာရင်းတောင်းထားပါတယ်။ ပြည်သူ့ဝန်ထမ်းကောင်းရပြီ၊ ပင်စင်ထောက်ခံပြီး ဘယ်နှစ်နှစ်လိုမလဲဆိုတာကို ကျွန်တော်တို့က စာရင်းတွေပြန်ကြည့်ရမယ်။ ကြည့်ပြီးမှ လူဘယ်နှစ်သောင်းက ဒီမော်တော်ကားတင်သွင်းခွင့်ရမလဲ။ အဲဒါဆို ဒါကဈေးကွက်အပေါ်ဘယ်လိုသက်ရောက်မှုရှိမလဲ။ ဒါတွေကိုပြန်သုံးသပ်နေတာဖြစ်ပါတယ်။ ပြောရရင်တော့ လုပ်ငန်းရှင်တွေလဲထိခိုက်နစ်နာမှုအနည်းဆုံးဖြစ်ရမယ်၊ နိုင်ငံအခွန်တွေလဲ ဆုံးရှုံးမှုအနည်းဆုံးဖြစ်ရမယ်၊ ဈေးကွက်မှာလည်း ကမောက်ကမ တွေမဖြစ်အောင်လည်းဘယ်လိုနည်းနဲ့လုပ်မလဲ၊ ဒီလိုမျိုး ဘက်ပေါင်းစုံ စဉ်းစားချင့်ချိန်ပြီးမှ ဘယ်လိုလုပ်မလဲဆိုတာကို ဆုံးဖြတ်မှာဖြစ်ပါတယ်။ လောလောဆယ်တော့ စီးပွားကူးသန်းကို ဒီကိစ္စ ရပ်ထားပါလို့ပြောထားပါတယ်”

ဟု ဆက်လက်ပြောကြားခဲ့သည်။

နှစ်စဉ် ပင်စင်ယူသောဝန်ထမ်းဦးရေမှာ ၂၀၁၁ -၁၂ တွင် ၅၀,၀၀၀ ကျော်၊ ၂၀၁၂ -၁၃ တွင် ၆၀,၀၀၀ ကျော်၊၂၀၁၃-၁၄ တွင်၄၈,၀၀၀ ခန့်၊ ၂၀၁၄ -၁၅ တွင်၄၇,၀၀၀ ခန့်၊ ၂၀၁၅ -၁၆ တွင် ၄၄,၀၀၀ ကျော်၊ ၂၀၁၆ -၁၇ တွင် ၄၀,၀၀၀ ကျော်၊ ၂၀၁၇ -၁၈ တွင် ၄၃,၀၀၀ ခန့်၊ ၂၀၁၈ နှစ်ဝက် မီနီဘက်ဂျက်တွင် ၂၃,၀၀၀ ၊ ၂၀၁၈ -၁၉ တွင် ၄၃,၀၀၀၊ ၂၀၁၉ -၂၀ တွင် ၄၃,၀၀၀ ကျော်ခန့်၊ ၂၀၂၀ -၂၁ တွင် ၄၅,၀၀၀ ခန့်ရှိမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

Author