ဝန်ထမ်းဟောင်းက ခိုးယူသွားတဲ့ Tesla ရဲ့ အလိုအလျောက် ကားမောင်းစနစ်

0

Full article

Tesla ရဲ့ Autopilot (အလိုအလျောက်ကားမောင်းစနစ်) စနစ်ဟာ နာမည်ကျော် ကုမ္ပဏီကြီးတွေအများကြီး စမ်းသပ်နေကြတဲ့ အလိုအလျောက်ကားမောင်းစနစ်တွေထဲမှာ ရှေ့ပြေး ဦးဆောင်နေတဲ့ စနစ်တစ်ခုပါ။ ကံဆိုးမှု တစ်ခုကတော့ ရှိနေပါတယ်။ သိပ်ကောင်းလွန်းတယ်ဆိုတဲ့ အဓိပ္ပါယ်မှာ အခြားသူတွေက ကူးယူချင်နေကြတယ်ဆိုတာလည်း ပါဝင်နေတာပါ။ အခု Tesla လည်း ကူးယူခံရမယ့် ပြဿနာနဲ့ ကြုံတွေ့နေရပါပြီ။

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း Tesla ဟာ သူတို့ရဲ့ Autopilot ညွှန်ကြားရေးမှူးဟောင်းဖြစ်သူ Sterling Anderson ကို Superior Court of California မှာ တရားစွဲဆိုခဲ့ပါတယ်။ တရားစွဲရတဲ့အကြောင်းအရင်းကိုတော့ Anderson ဟာ ကုမ္ပဏီပိုင် သတင်းအချက်အလက်တွေကို ကိုယ်ပိုင်အဖြစ် အသုံးပြုခြင်း လို့ဖေါ်ပြထားတာပါ။ Anderson ဟာ Tesla ကထွက်ခွာပြီးနောက် Aurora Innovation ဆိုတဲ့ အမည်နဲ့ အလိုအလျောက် မော်တော်ယာဉ်မောင်းနှင်ရေး နည်းပညာပိုင်းမှာ Tesla နဲ့ပြိုင်ဘက်အဖြစ် တည်ထောင်ခဲ့တာပဲ ဖြစ်ပါတယ်။

တရားစွဲဆိုမှုရဲ့ စွပ်စွဲမှုတွေထဲမှာ Anderson နဲ့ ပူးပေါင်းလုပ်ကိုင်သူဖြစ်သူ Google ရဲ့ self-driving စီမံကိန်းကို ဦးဆောင်ခဲ့ဖူးတဲ့ Chris Urmson လည်းပါဝင်ခဲ့ပါသေးတယ်။ Anderson ဟာ ၂ဝ၁၅ နိုဝင်ဘာလကနေပြီး ၂ဝ၁၆ ဒီဇင်ဘာလအထိ Teslaရဲ့ Autopilot အစီအစဉ်မှာ ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ Tesla ရဲ့ အခိုင်အမာပြောဆိုချက်အရ Anderson ဟာ Tesla ရဲ့ ထိပ်တန်း အင်ဂျင်နီယာ တစ်ဒါဇင်ကျော်ကို သူ့အတွက် အလုပ်လုပ်ပေးဖို့ ဆွဲဆောင်ခဲ့တဲ့အချက်နဲ့ အလုပ်ရှင်အလုပ်သမား သဘောတူညီချက် စာချုပ်ကိုဖေါက်ဖျက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအပြင် Tesla က Anderson နဲ့ Urmson တို့ဟာ မမျှတတဲ့ အားသာချက်တွေရရှိအောင် ကြိုးစားခဲ့ကြတယ်လို့ ယုံကြည်နေတာပါ။

ဒီအမှုအတွက် အဓိကသက်သေကတော့ Anderson ဟာ gigabytes ပေါင်း ရာနဲ့ချီတဲ့ ကုမ္ပဏီရဲ့ အချက်အလက်တွေကို download ပြုလုပ်ခြင်း ရှိ/မရှိ ဆိုတာပါပဲ။ ဒါ့အပြင် Anderson တစ်ယောက် ကုမ္ပဏီကနေ ထွက်ခွာသွားချိန်မှာ အရေးကြီးလှတဲ့ ကုမ္ပဏီရဲ့ သတင်းအချက်အလက်တွေကို ပြန်လည်အပ်နှံခြင်း မလုပ်ဆောင်ခဲ့တာလည်း ပါဝင်လို့နေပါသေးတယ်။

Ref: A Former Tesla Employee May Have Stolen The Company's Autopilot Tech by Robert Kuhn, Medium

Author