တစ်နိုင်ငံလုံးတွင် ၄ လအတွင်း လိုင်စင်မဲ့ ကားအစီးရေ ၉၇ စီး ဖမ်းဆီးရမိ၊ အထောက်အထားအတုများဖြင့် လိုင်စင်မဲ့ကားစီးနေသူများကိုပါ ထိရောက်စွာစစ်ဆေးမည်

0

Full article

တစ်နိုင်ငံလုံးအတိုင်းအတာအရ ၂ဝ၁၉ ခုနှစ် ၄ လတာကာလအတွင်း တရားမဝင် စီးနင်းမောင်းနှင်နေလျက်ရှိသည့် လိုင်စင်မဲ့ကားအစီးရေ ၉၇ စီးကို ဖမ်းဆီးရမိခဲ့ပြီး အထောက်အထားအတုများဖြင့် လိုင်စင်မဲ့ကားစီးနေသူများကိုပါ ထိရောက်စွာစစ်ဆေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။

ရန်ကုန်တိုင်းဒေသအတွင်း၌လည်း တရားမဝင်လိုင်စင်မဲ့ကားများကို ထိရောက်စွာအရေးယူမှုများ ပြုလုပ်နိုင်ရန် စီမံချက်ဖြင့် ဌာနပေါင်းစုံပါဝင်သောအဖွဲ့ ၁ဝ ဖွဲ့နှင့် ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်နေရာ ၂ဝ၁၉ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအထိ ရန်ကုန်တိုင်းတွင် လိုင်စင်မဲ့ကားအစီးရေ ၄၃ စီး၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၇ စီး၊ မွန်ပြည်တွင် ၄၃ စီး၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၄ စီး စုစုပေါင်း လိုင်စင်မဲ့ကားဖမ်းဆီးရရှိခဲ့မှု ၉၇ စီးကို ဖမ်းဆီးရမိခဲ့ကြောင်း ယခင်နှစ်များထက်ပိုမို၍ဖမ်းဆီးရမိမှု များပြားလာခဲ့ကြောင်းသိရသည်။

"လိုင်စင်မဲ့ကားဖမ်းဆီးရမိခဲ့တာက ဒီနှစ်ထဲမှာ ၉၇ စီးအထိ ဖမ်းဆီးရမိထားတယ်။ အရင်နှစ်တွေထက်စာရင် ပိုပြီး ဖမ်းဆီးရမိပါတယ်။ လိုင်စင်မဲ့ကားကို ရန်ကုန်တိုင်းမှာလည်း စီမံချက်နဲ့ဖမ်းဆီးတာတွေလုပ်နေတယ်။ အထောက်အထားအတုနဲ့ လိုင်စင်မဲ့ကားစီးနင်းတာတွေလည်း ထိထိရောက်ရောက် စစ်ဆေးတာတွေလုပ်သွားမှာပါ။" ဟု ရန်ကုန်တိုင်းဒေသကြီးအမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တရားမဝင်လိုင်စင်မဲ့ကားများကို ဖမ်းဆီးစစ်ဆေးနေလျက်ရှိရာ ၂ဝ၁၈ ခုနှစ် တစ်နှစ်လုံးအတွင်း လိုင်စင်မဲ့ကား ၁၃ဝ စီးနှင့် စည်းကမ်းပျက်ကား အစီးရေ ၁,၄ဝဝ ကျော်ဖမ်းဆီးရရှိခဲ့ပြီး မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် လိုင်စင်မဲ့ကား အများဆုံးဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

Author

Comments