ပဥ္စမ အကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ၊ ကမ္ဘာလုံးဆိုင်ရာ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ရက်သတ္တပတ်လှုပ်ရှားမှု 5ᵀᴴ UN Global Road Safety Week ကို ရန်ကုန်မြို့တွင် ကျင်းပ

0

Full article

ပဥ္စမ အကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ၊ ကမ္ဘာလုံးဆိုင်ရာ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ရက်သတ္တပတ်လှုပ်ရှားမှု 5ᵀᴴ UN Global Road Safety Week အစီအစဉ်အား ရန်ကုန်တိုင်းဒေသကြီး၌ ယနေ့စတင်ပြုလုပ်ခဲ့ပြီး ပညာပေးကာလ နောက်ဆုံး ၄ ရက်တွင် စည်းကမ်းမလိုက်နာသူများကို မော်တော်ယာဉ်ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပဥ္စမ အကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ၊ ကမ္ဘာလုံးဆိုင်ရာ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ရက်သတ္တပတ်လှုပ်ရှားမှု 5ᵀᴴ UN Global Road Safety Week အစီအစဉ်အား မေလ ၆ ရက်နေ့မှ ၁၂ ရက်နေ့အထိ တစ်ပတ်ကြာ ရန်ကုန်တိုင်းဒေသကြီးတွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး လှုပ်ရှားမှုရက်သတ္တပတ်ဆိုင်းဘုတ်အား ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့ပြီး စည်းကမ်းတကျ လူကူးမျဉ်းကျားမှ လမ်းဖြတ်ကူးသူများအား ဆုချီးမြှင့်ခြင်း၊ မော်တော်ယာဉ်များအား အသိပညာပေးစတေကာများ ကပ်ပေးခြင်းတို့ကို ပြုလုပ်ခဲ့သည်။

"၅ ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ ကမ္ဘာလုံးဆိုင်ရာ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး လှုပ်ရှားမှုရက်သတ္တပတ် အစီအစဉ်ကို ရန်ကုန်မြို့မှာပြုလုပ်တာပါ။ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး လှုပ်ရှားမှုဆိုင်းဘုတ်ကို ဝန်ကြီးချုပ်ကိုယ်တို်င် စက်ခလုတ်နှိပ်ပြီးဖွင့်လှစ်ပေးတာပါ။ ပညာပေးကာလ ပထမ ၃ ရက်မှာ စည်ကမ်းလိုက်နာပြီး လူကူးမျဉ်းကျားက လမ်းကူးတဲ့သူတွေကို ဆုချီးမြှင့်သလို၊ နောက်ဆုံး ၄ ရက်မှာ လူကူးမျဉ်းကျားက လမ်းဖြတ်မကူးတာတွေ၊ ဆိုင်ကယ်ကို ၂ ယောက်ထက်ပိုပြီးစီးတာတွေ၊ ဆိုင်ကယ်စီးရင် မေးသိုင်းကြိုးမတပ်တာတွေ၊ ကားမောင်းရင်းဖုန်းပြောတာတွေကို မော်တော်ယာဉ်ဥပဒေအရ အရေးယူမှာပါ။" ဟု ရန်ကုန်တိုင်းဒေသကြီး အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ပဥ္စမ အကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ၊ ကမ္ဘာလုံးဆိုင်ရာ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ရက်သတ္တပတ်လှုပ်ရှားမှု 5ᵀᴴ UN Global Road Safety Week အစီအစဉ် ပညာပေးကာလနောက်ဆုံး ၄ ရက်ဖြစ်သော မေလ ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိတွင် အသက်ကယ်ထိုင်ခုံ ခါးပတ် မပတ်ခြင်း၊ အရက်သေစာ သောက်စားမောင်းနှင်ခြင်း၊ ယာဉ်မောင်းနေစဉ် လက်ကိုင်ဖုန်းအသုံးပြုခြင်း၊ ယာဉ်မောင်းလိုင်စင်မဲ့ မောင်းနှင်ခြင်း၊ မော်တော်ဆိုင်ကယ်စီးဦးထုပ် မဆောင်းခြင်း၊ မေးသိုင်းကြိုး မတပ်ခြင်း၊ မော်တော်ဆိုင်ကယ်အား ၂ ယောက်ထက်ပို၍ စီးနင်းခြင်း၊ မော်တော်ဆိုင်ကယ်ဘေးတွဲ မောင်းနှင်ခြင်းတို့အား ကျူးလွန်ပါက မော်တော်ယာဉ်ဥပဒေအရ အရေးယူမည်ဖြစ်ပြီး ယာဉ်မောင်းသူများ လမ်းအသုံးပြုသူများအနေဖြင့် မော်တော်ယာဉ်ဥပဒေ၊ နည်းဥဒေအတိုင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအတိုင်း လိုက်နာမောင်းနှင်သွားလာကြပါရန် ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီမှ သတိပေးနှိုးဆော်ထားသည်။ ပဥ္စမ အကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ၊ ကမ္ဘာလုံးဆိုင်ရာ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ရက်သတ္တပတ်လှုပ်ရှားမှု 5ᵀᴴ UN Global Road Safety Week အစီအစဉ်အား မေလ ၆ ရက်နေ့မှ ၁၂ ရက်နေ့အထိ မြန်မာတစ်နိုင်ငံလုံး နေရာ အနှံ့အပြားတွင် ပြုလုပ်မည်ဖြစ်ရာ ပြည်သူများ၊ လမ်းအသုံးပြုသူများ၊ ယာဉ်အသုံးပြုသူများအနေဖြင့် စည်းကမ်းတကျ သွားလာမောင်းနှင်ကြပါရန် အသိပညာပေး အစီအစဉ်များကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်သွားမည်ဖြစ်သည်။

Author