ကားမှတ်တိုင်များတွင် ခေတ်မီခရီးသည် နားခိုဆောင် ၅ဝဝ အထိ ဆောက်လုပ်သွားမည်

0

Full article

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ကားမှတ်တိုင်များတွင် ခေတ်မီခရီးသည်နားခိုဆောင် ၅ဝဝ အထိ ဆောက်လုပ်သွားမည်ဖြစ်ရာ ခေတ်မီခရီးသည်နားခိုဆောင်များကို တင်ဒါလုပ်ငန်းစဉ်များနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်မှ ပြောကြားခဲ့သည်။

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် အလွန်လိုအပ်လျက်ရှိသော ဘတ်စ်ကားမှတ်တိုင် အဆောက်အဦများကို အမြန်ဆုံးဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်းကို ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ မဲဆန္ဒနယ်၊ အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်၏ မေးမြန်းမှုကို ဝန်ကြီးမှ ပြန်လည်ဖြေဆိုခဲ့ခြင်း ဖြစ်၏။

"ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် အပါအဝင် ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း ဘတ်စ်ကားမှတ်တိုင်များတွင် ခေတ်မီခရီးသည်နားခိုဆောင်များ ဆောက်လုပ်ဖို့အတွက် အကျိုးတူပူးပေါင်းဆောင်ရွက်လိုတဲ့ ပြည်တွင်းကုမ္ပဏီများ တင်ဒါခေါ်ယူမှုကို ယခု ၂ဝ၁၉ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့က အသိပေးကြေညာခဲ့ပါတယ်။ တင်ဒါပုံစံ ရောင်းချခြင်းများကိုလည်း ကျွန်မတို့ ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။ တင်ဒါလုပ်ငန်းစဉ်များနဲ့အညီ အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ ရှိပါတယ်။" ဟု ဝန်ကြီး ဒေါ်နီလာကျော်မှ ဖြေကြားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့တော်အတွင်း ဘတ်စ်ကားမှတ်တိုင်များတွင် ခေတ်မီခရီးသည်နားခိုဆောင်များ တည်ဆောက်ရန်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသည် တင်ဒါ အောင်မြင်ခဲ့သည့် FMIDecaux Company Limited (မြန်မာနိုင်ငံမှ FMI နှင့် ပြင်သစ်အခြေစိုက် JCDecaux S.A "JCDecaux'' ၏ ရာနှုန်းပြည့် လက်အောက်ခံကုမ္ပဏီ JCDecaux Asia(S) Pte Ltd. တို့ ပူးပေါင်း တည်ထောင်ထား) နှင့် သတ်မှတ်နယ်မြေများအတွင်းတွင် မှတ်တိုင်ပေါင်း ၅ဝဝ အထိ တည်ဆောက်မည်ဖြစ်ရာ လက်ရှိအချိန်တွင် ခရီးသည်မှတ်တိုင်များ၌ ခေတ်မီခရီးသည်နားခိုဆောင်ပေါင်း ၁၄၅ ခု တည်ဆောက်ထားပြီးဖြစ်ကြောင်း သိရသည်။

Author

Comments