Full article

_ရန်ကုန် ဇွန် ၃ဝ_

ပိုင်ဆိုင်မှုအရေအတွက် ကန့်သတ်မထားဘဲ ယာဉ်ပိုင်ရှင်အမည်ပေါက် ပြောင်းလဲခြင်းအတွက် ၃ ရာခိုင်နှုန်းသာ ကောက်ခံခဲ့ပြီးနောက်ပိုင်းတွင် နေ့စဉ် ကားအစီးတစ်ရာကျော် အမည်ပြောင်းပြုလုပ်လာကြောင်း "ပြည်တွင်းအခွန် ဦးစီးဌာန၊ မော်တော်ယာဉ်တန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့ရုံး" တာဝန်ရှိသူတစ်ဦးထံမှ သိရသည်.။

ယခင်နှစ်များက လူတစ်ဦးလျှင် ကားတစ်စီးသော်လည်းကောင်း၊ အိမ်တစ်အိမ်သော်လည်းကောင်း တစ်သက်တွင် တစ်ကြိမ်သာခံစားခွင့်ရှိပြီး ထိုပိုင်ဆိုင်မှုအတွက် အမည်ပေါက်ပြုလုပ်ရာတွင် ကာလပေါက်ဈေး၏ ၃ ရာခိုင်နှုန်း အခွန်ပေးဆောင်ရကာ ပိုင်ဆိုင်မှု တိုးမြင့်လာပါက နောက်တစ်ကြိမ်အမည်ပေါက် ပြုလုပ်လျှင် ကာလပေါက်ဈေး၏ ၃ဝ ရာခိုင်နှုန်းကို အခွန်ပေးဆောင်ရသည်.။ သို့သော် ၂ဝ၁၅ – ၂ဝ၁၆ ဘဏ္ဍာနှစ်မှစ၍ ပိုင်ဆိုင်မှုအရေအတွက် ကန့်သတ်မထားတော့ဘဲ အမည်ပေါက်ပြုလုပ်မည်ဆိုပါက ၃ ရာခိုင်နှုန်းသာ ပြောင်းလဲကောက်ခံခဲ့သည်.။ ထိုသို့ ကောက်ခံခဲ့ပြီး နောက်ပိုင်းတွင် ယာဉ်ပိုင်ရှင်အမည်ပေါက် ပြုလုပ်မှုများလာခဲ့ပြီး နေ့စဉ်အစီးတစ်ရာကျော် အမည်ပြောင်းပြုလုပ်လျှက်ရှိကြောင်း သိရသည်.။

"အရင်နှစ်က ကားတစ်စီးကို အမည်ပြောင်းပြုလုပ်မယ်ဆိုရင် ၃ ရာခိုင်နှုန်းကောက်ခံပြီး နောက်ထပ် ကားတစ်စီးကို အမည်ထပ်ပြောင်းမယ်ဆိုရင်တော့ ၃ဝ ရာခိုင်နှုန်းဖြစ်သွားပါတယ်.။ ဒါပေမယ့် ဒီဘဏ္ဍာနှစ်မှာတော့ ကားဘယ်နှစီးပဲဖြစ်ဖြစ် အမည်ပြောင်းမယ်ဆိုရင် ၃ ရာခိုင်နှုန်းပဲ ကောက်ခံတာဖြစ်ပါတယ်၊ အရင်တုန်းက လူတစ်ယောက်အနေနဲ့ ကားတစ်စီးပဲ ပိုင်ဆိုင်ခွင့်ရှိပေမဲ့ ဒီနှစ်ကစပြီး တစ်သက်မှာတစ်ကြိမ်ပဲ ခံစားခွင့်ရမယ်ဆိုတဲ့အချက်ကို ပယ်ဖျက်ခဲ့တာဖြစ်ပါတယ်" ဟု မော်တော်ယာဉ်တန်ဖိုး စိစစ်သတ်မှတ်ရေး အဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်.။

မော်တော်ယာဉ်တန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့မှ အရည်ကျိုအပ်ကားများကို တန်ဖိုးသတ်မှတ်ရာတွင် သက်တမ်းနှစ်နှစ်ဆယ်၊ စက်မှုဇုန်၊ မြန်မာမီနီ၊ တိုက်ကြေကားဟူ၍ အမျိုးအစားမခွဲခြားဘဲ ကျပ် ၄၅ သိန်းဖြင့် တန်ဖိုးဖြတ်ပြီး CNG ကားများကိုမူ ကျပ် ၅၅ သိန်းဖြင့် တန်ဖိုးဖြတ် သတ်မှတ်ထားသည်.။ လေလံကားများကို တန်ဖိုးဖြတ်ရာတွင် လေလံအောင်ဈေးအပေါ် မူတည်ပြီး တန်ဖိုးသတ်မှတ်မည်ဖြစ်ကြောင်း သိရသည်.။

အောင်ပြည့်၊ ကိုဘုန်း

(July 3, 2015 ရက်နေ့ထုတ် Automobile ဂျာနယ်မှ ကူးယူဖော်ပြသည်)

www.myanmarcarsdb.com

No. 1 Car Site in Myanmar

Author