သင့်ရဲ့ဖုန်းဟာ သင့်ကားရဲ့သော့ မကြာခင်ဖြစ်လာတော့မည်

0

Full article

ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ ကျင်းပခဲ့တဲ့ Google I/O မှာ Google ကနေပြီး Andriod 12 နှင့်အတူ digital car key အကြောင်းကို ဖွင့်ထုတ်ကြေညာခဲ့သည်။ အဆိုပါ digital car key သည် ကားတစီးအား သော့ပိတ်ခြင်း၊ သော့ဖွင့်ခြင်းနှင့် စက်နှိုးခြင်းများကို လုပ်ဆောင်နိုင်မည်ဖြစ်သည်။ အစပိုင်းတွင် Google ၏ Pixel ဖုန်းနှင့် Samsung Galaxy ဖုန်းအချို့တွင်သာ ရရှိနိုင်ဦးမည်ဟုလည်းသိရသည်။

အဆိုပါ feature သည် ယခုနှစ် နှောင်းပိုင်းတွင် BMW models သစ်များတွင် စတင်အသုံးပြုနိုင်မည်ဖြစ်ပြီး အခြားကားထုတ်လုပ်သူများနှင့်လည်း ပူးတွဲလုပ်ဆောင်သွားရန် Google မှ မျှော်လင့်လျက်ရှိသည်။

အဆိုပါနည်းပညာအရ NFC ဆက်သွယ်ရေးစနစ်ကို ကား၏ တံခါးများတွင်တပ်ဆင်ထားပြီး ဖုန်းဖြင့်တံခါးကိုထိကာ သော့ဖွင့်နိုင်မည်ဖြစ်သည်။ အချို့ကားများတွင်မူ UWB ဟုခေါ်သော ultra-wideband ဆက်သွယ်မှုစနစ်ကိုအသုံးပြုသွားနိုင်မည်ဖြစ်ပြီး ဖုန်းအနားမှာရှိရုံမျှဖြင့် ကားတံခါးကို ပွင့်စေနိုင်မည်ဖြစ်သည်။

Google ၏ ပြိုင်ဘက် Apple မှလည်း အလားတူ phone-as-a-car-key feature ကို ပြီးခဲ့သောနှစ်အတွင်းက ကြေညာခဲ့ပြီးဖြစ်၏။ Phone-as-a-car-key feature ကိုလည်း BMW ကားသစ်များတွင် ပထမဆုံးအဖြစ် ပါဝင်လာဖွယ်ရာရှိနေသည်။

Apple ၏ Car Key ကဲ့သို့ပင် digital key သည် ရိုးရိုးသာမန်ကားသော့များထက် အခြားသူများကို ငှားရမ်းရာတွင် ပို၍လွယ်ကူစေမည်ဖြစ်သည်။ ကားပိုင်ရှင်၏ ဖုန်းမှတဆင့် ငှားရမ်းမည်သူ၏ ဖုန်းသို့ ငှားလိုက်ရုံပင်ဖြစ်သည်။ Digital စနစ်ဖြစ်ခြင်းကြောင့် အချိန်ကန့်သတ်ခြင်း၊ အသုံးပြုမှုကို ကန့်သတ်ခြင်းများလည်း လုပ်နိုင်ဖွယ်ရာရှိသည်ဟု ယူဆရသည်။


ကားနှင့်သက်ဆိုင်သော ကြေညာချက်များတွင် Google က wireless ဖြင့် Android Auto အသုံးပြုနိုင်မည့်ကားများ ပိုမိုများပြားလာအောင် ပြုလုပ်လျက်ရှိသည်။ ထို့ကြောင့် USB ကြိုးထိုး၍ အသုံးပြုခြင်းသည် လာမည့်နှစ်များအတွင်းနည်းပါးသွားဖွယ်ရာရှိ၏။ General Motors ၊ Ford နှင့် Honda တို့အပြင် အခြားနာမည်ကျော် ကားအမှတ်တံဆိပ်များတွင် မကြာတော့မီအချိန်ကာလအတွင်း မပါမဖြစ် ပါဝင်လာဖွယ်ရာရှိနေသည်။

Android Auto နှင့် အလားသဏ္ဍာန်တူသည့် Apple CarPlay သည်လည်း အချို့သောကားများတွင်သာ ကြိုးမဲ့စနစ်ကို အသုံးပြုနိုင်ပြီး ကားအမျိုးအစားများစွာတွင် ကြိုးဖြင့်သာဆက်သွယ်အသုံးပြုနေရဆဲဖြစ်၏။

Google ၏ interface သည်် GMC ၏ Hummer EV supertruck နှင့် BMW iX တို့၏ ရှေ့နှင့်အလယ် digital screen များတွင် မြင်တွေ့လာရဖွယ်လည်းရှိနေသေးသည်။ လျှပ်စစ်စွမ်းအင်သုံး Hummer တွင် Google Assistant မှာ built-in အနေနှင့်ပါဝင်လာမည်ဖြစ်ပြီး လျှပ်စစ် BMW တွင်မူ လက်ကိုင်ခွေ၏နောက်တွင် Google Maps တရားဝင်ပါဝင်လာတော့မည်ဖြစ်သည်။

Ref: You'll soon be able to unlock your car with Android 12's digital key by Mashable

Author