၂၀၂၂ ခုနှစ်အတွက် Toyota ၏ ကားထုတ်လုပ်မှု ၁၀ သန်းကျော်သည်အထိ ပထမဆုံးမြင့်တက်

0

Full article

အမေရိကနှင့် တရုတ်ဈေးကွက်တို့၏ အများအပြားလိုအပ်ချက်များကြောင့် အရောင်းမြင့်တက်လာဖွယ်ရာရှိနေ

တိုကျို — ၂၀၂၂ မှ ၂၀၂၃ မတ်လကုန် ဘဏ္ဍာရေးနှစ်အတွင်း Toyota နှင့် Lexus အမှတ်တံဆိပ်နှစ်ခုပေါင်း၍ ကားအစီးရေ ၁၀.၄ သန်းအထိ ထုတ်လုပ်ရန် Toyota Motor မှ စီစဉ်နေသည်။ ကားထုတ်လုပ်ရေးလုပ်ငန်းစုကြီးတခုအနေဖြင့် ယခုကဲ့သို့ အစီးရေ ၁၀ သန်းကျော် ထုတ်လုပ်ရန်စီစဉ်ခြင်းသည် ပထမဆုံးစံချိန်တင်နိုင်ခြင်းလည်းဖြစ်သည်။ Toyota သည် ၎င်းတို့၏ အဆိုပါအစီအစဉ်ကို suppliers များထံသို့ အသိပေးထားပြီးဖြစ်သဖြင့် အဆိုပါကုန်ပစ္စည်းပေးသွင်းသူများ၏ ရင်းနှီးမြှုပ်နှံမှုများလည်း မြင့်တာလာဖွယ်ရာရှိနေသည်။

ဂျပန်ကားထုတ်လုပ်ရေးလုပ်ငန်းစုကြီးသည် အမေရိကနှင့် တရုတ်တို့က ကားဈေးကွက်ပိုမိုသည့် အထောက်အပံ့များပေးလာလိမ့်မည်ဟု မျှော်လင့်လျက်ရှိသည်။ ထိုကဲ့သို့ Toyota ၏ကားထုတ်လုပ်မှုများကိုမြင့်တင်လိုက်ခြင်းသည် မော်တော်ယာဉ်လုပ်ငန်းကြီးတခုလုံးကို ရိုက်ခက်မှုရှိလာစေသည့်အပြင် COVID အလွန်ကမ္ဘာကြီး၏ ပြန်လည် ထုတ်လုပ်မှုလုပ်ငန်းများအတွက် အရေးပါလှသည့် မောင်းနှင်မှုတခုလည်း ဖြစ်၍လာသည်။

မတ်လ ၂၀၂၂ တွင်ကုန်ဆုံးမည့် Toyota ၏ ယခုနှစ် ထုတ်လုပ်ရေးအစီအစဉ်တွင် စုစုပေါင်း ကားအစီးရေ ၉.၅ သန်းအထိရှိသည်။ လာမည့်နှစ်ခန့်မှန်းထုတ်လုပ်မှုကို တွက်ဆနိုင်သည်မှာ ကားအစီးရေ ၇.၁ သန်းကို ပြည်ပတွင်ထုတ်လုပ်ဖွယ်ရာရှိပြီး ဂျပန်နိုင်ငံအတွင်း၌မူ ကားအစီးရေ ၃.၃ သန်းအထိ ထုတ်လုပ်ဖွယ်ရာရှိနေသည်။ ထို့ကြောင့် နိုင်ငံပြင်ပကားထုတ်လုပ်ရေးသည် ၁၀ ရာခိုင်နှုန်းအထိ ခုန်တက်သွားဖွယ်ရာရှိပြီး နိုင်ငံတွင်း ကားထုတ်လုပ်မှုမှာလည်း ၃ ရာခိုင်နှုန်း မြင့်တက်သွားဖွယ်ရာရှိနေသည်။

၂၀၂၀ ပြည့်နှစ်အတွင်း Toyota သည် ကမ္ဘာ့ကားအရောင်းရဆုံးစာရင်းတွင် Volkswagen ကို ကျော်တက်နိုင်ခဲ့ပြီး ကမ္ဘာ့ကားရောင်းအားအကောင်းဆုံးကုမ္ပဏီအဖြစ် ပြီးခဲ့သည့် ငါးနှစ်အတွင်း ပထမဆုံးအကြိမ် ပြန်လည်မှတ်တမ်းဝင်ခဲ့သည်။ လျှပ်စစ်ကားတခေတ်ဖြစ်လာတော့မည့် ကမ္ဘာ့ကားလောကတွင် Toyota သည် ထိုရောင်းအားကို ဆက်လက်ထိန်းထားနိုင်မည်လားဆိုသည့်မေးခွန်းကတော့ စီတ်ဝင်စားစရာပင်။

ကားထုတ်လုပ်မှုပမာဏမြင့်တက်လာသည်နှင့်အမျှ လိုအပ်သောပစ္စည်းအစိတ်အပိုင်းများလိုအပ်ချက်များလည်းမြင့်တက်လာမည်ကအမှန်ဖြစ်၏။ ၎င်းလိုအပ်ချက်ပစ္စည်းများတွင် နောက်လာမည့်မျိုးဆက်ကားများအတွက် အထူးအရေးပါသည်မှာ ဘက်ထရီနှင့် Chips များဖြစ်လာတော့မည်။

ယခုအခြေအနေတွင် ကမ္ဘာ့အတိုင်းအတာအရ chips များရှားပါးလာမှုဖိအားသည် မော်တော်ယာဉ်ထုတ်လုပ်မှုကိုလည်း လေးလံစေသည်။ သို့ရာတွင် Toyota ၏ အမှုဆောင်အရာရှိတဦးက

“ကုမ္ပဏီအနေနဲ့ လာမယ့်နှစ်အတွင်း chips တွေဝယ်ဖို့ ပုံမှန်ဖြစ်သွားလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ ဒါကြောင့် ထုတ်လုပ်မှုအတွက် ဘာမှကြီးကြီးမားမား အကျိုးသက်ရောက်ဖွယ်မရှိပါဘူး” ဟု Nikkei သတင်းဌာနသို့ ပြောကြားခဲ့သည်။

အမေရိကနှင့် တရုတ်သည် ကမ္ဘာ့အကြီးဆုံး ကားဈေးကွက်ကြီးနှစ်ခုဖြစ်ပြီး ၂၀၂၂ ဘဏ္ဍနှစ်အတွင်းတွင်လည်းဦးဆောင်နေရာ၌ဆက်လက်ရှိနေဦးမည်ဟု မှန်းဆ၍ရသည်။ Toyota သည် တရုတ်နိုင်ငံအတွင်း လျှပ်စစ်နှင့် အခြားစွမ်းအင်သစ်ကားများကို ပိုမိုထုတ်လုပ်နိုင်ရန်စီစဉ်လျက်ရှိပြီး လက်တွဲဖေါ် တရုတ်ကားထုတ်လုပ်ရေး Guangzhou Automobile Group နှင့်အတူ ကားထုတ်လုပ်ရုပ်ရေးစက်ရုံအသစ်များ ဆောက်လုပ်သွားရန် စီစဉ်လျက်ရှိသည်။

အမေရိကတွင်လည်း ကိုရိုနာဗိုင်းရတ်ကာကွယ်ဆေးထိုးနှံမှု မြင့်မားလာခြင်းနှင့်အတူ Toyota သည် Mazda Motor နှင့်ပူးပေါင်းကာ တောင်ပိုင်းပြည်နယ်တခုဖြစ်သည့် Alabama တွင် ကားထုတ်လုပ်ရေးစက်ရုံအသစ် ဖွင့်လှစ်ရန်ရှိနေသည်။

ဂျပန်နိုင်ငံတွင်လည်း Toyota သည် ၂၀၂၂ ဘဏ္ဍာနှစ်အတွင်း ကားအစီးရေ ၃ သန်းထုတ်လုပ်ရန်ပြင်ဆင်နေပြီး Corolla Cross ၊ SUV နှင့် Land Cruiser အသစ်တို့ကို ပွဲဦးထွက် ထုတ်လုပ်သွားဖွယ်ရာရှိသည်ဟု ခန့်မှန်းလျက်ရှိကြသည်။

Ref: Toyota production to top 10m for first time in fiscal 2022

Photo Credit : carspiritpk

Author