ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ၁၁၅ မိုင်တွင် COVID-19 ဆိုင်ရာကျန်းမာရေးဆေးစစ်ချက် စစ်ဆေးခြင်းဖြစ်ပြီး သွားလာခွင့်ပိတ်ခြင်းမဟုတ်

0

Full article

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး ၁၁၅ မိုင်တွင်  COVID-19 ဆိုင်ရာကျန်းမာရေးဆေးစစ်ချက် စစ်ဆေးခြင်းဖြစ်ပြီး သွားလာခွင့်ပိတ်ခြင်းမဟုတ်ကြောင်းနှင့် ဆေးစစ်ချက်မပါရှိပါက ဖြတ်သန်းခွင့်ပြုမည်မဟုတ်ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

“ကျွန်တော်တို့အနေနဲ့ သွားလာခွင့်ပိတ်တာ၊ လမ်းပိတ်တာမဟုတ်ပါဘူး။ ကျန်းမာရေးဆိုင်ရာ ဆေးစစ်ချက် စစ်ဆေးတာပါ။ ဒါက အရင်ကလည်းလုပ်နေကျပါ။ ကျန်းမာရေးဌာနက စစ်ဆေးတာပါ။ သောကြာ၊ စနေနဲ့ တနင်္ဂနွေနေ့တွေမှာတော့ လုပ်လေ့ရှိတယ်။ ကျွန်တော်တို့ကိုတော့ မနက်ကတည်းက ဖုန်းတွေဆက်ပြီး မေးနေကြတာ။ အခုလည်း သွားနေကြတာပါပဲ။ စစ်ဆေးတာက ကျန်းမာရေးဌာနက စစ်ဆေးတာပါ။ ကျွန်တော်တို့ ရဲတပ်ဖွဲ့ကတော့ ကျန်းမာရေးဌာနက တားခိုင်းရင်တော့ တားပေးရတာပေါ့။ ဒါတော့ရှိပါတယ်။ ဒါကတော့ ဖြူး၊ ၁၁၅ မိုင်မှာတင်မဟုတ်ပါဘူး။ အမှတ် (၃) တို့၊ နေပြည်တော်အဝင်တို့မှာလည်း ကျန်းမာရေးဌာနက စစ်ဆေးတာပဲလေ။ ရဲတပ်ဖွဲ့အနေနဲ့ကတော့ လုံခြုံရေးတာဝန်ယူပေးရတာပါ။”

ဟု အမြန်လမ်းမကြီးရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့သည်။

အမြန်လမ်းမကြီးရဲတပ်ဖွဲ့အနေဖြင့် ယာဉ်ကြောပိတ်ဆို့မှုမရှိစေရန် မြို့အဝင်အထွက်ဂိတ်နေရာများထက် ယခုကဲ့သို့ ဖြူး၊ ၁၁၅ မိုင်တွင် စစ်ဆေးခြင်းဖြစ်ပြီး COVID-19 ဆိုင်ရာ ကျန်းမာရေးဆေးစစ်ချက် စစ်ဆေးခြင်းကို ညွှန်ကြားချက်တစ်စုံတစ်ရာထပ်မံမရမချင်း စစ်ဆေးသွားမည်ဖြစ်ကာ ဆေးစစ်ချက် မပါရှိပါက ဖြတ်သန်းခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။ COVID-19 စစ်ဆေးခြင်းကို ရန်ကုန်မြို့၊ ဆူးလေဘုရားအနီးရှိ tourist Burma အဆောက်အဦနှင့် အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နားကွင်းရှိ ဒေသန္တရ ဆေးခန်းတွင် စစ်ဆေးနိုင်မည်ဖြစ်ကြောင်းသိရသည်။

Author