ကားထုတ်လုပ်ရေးတွေမှာပါ ထိခိုက်လာနိုင်တဲ့ chip ပြတ်လပ်မှုပြဿနာ

0

Full article

Chip ပြတ်လပ်မှုဟာ ကားတွေ၊ ကွန်ပျူတာတွေနဲ့ အခြားခေတ်မီနည်းပညာသုံး အသုံးအဆောင်တွေအတွက် ကြီးကြီးမားမားထိခိုက်မှုရှိလာနိုင်ပြီး နောင် ၂ နှစ်အထိ ကြုံတွေ့ရနိုင်ဟု ကျွမ်းကျင်သူများကဆို...

ဒီနေ့ခေတ်မှာတော့ semiconductor chips တွေဟာ အရာရာပါပဲ။

Forrester Research ရဲ့ဒုဥက္ကဋ္ဌ Glenn O'Donnell ကတော့

“ပလတ်ပဲထိုးထိုး ဘက်ထရီနဲ့ပဲသုံးသုံး၊ အားလုံးက chips တွေပဲ” လို့ဆိုပါတယ်။

ကမ္ဘာ့ chip ပြတ်လပ်မှုပြဿနာဟာ မော်တော်ကားထုတ်လုပ်သူတွေအပါအဝင် နည်းပညာသုံးထုတ်ကုန်တွေ အားလုံးအတွက် တကယ်ကို အကျပ်အတည်းဖြစ်လာပါပြီ။ နည်းနည်းလေးပိုပြီး တိတိကျကျပြောရရင် cloud computing တွေ၊ cryptocurrency mining တွေ မဟားဒယားအသုံးပြုလာတာကနေစပြီး နေ့စဉ်လူနေမှုဘဝ လွယ်ကူအဆင်ပြေရေး ပစ္စည်းတွေဖြစ်ကြတဲ့ လျှပ်စစ်တံခါးခေါင်းလောင်းကနေ ပန်းကန်ဆေးစက်၊​ အဝတ်လျှော်စက်နဲ့ လေအေးပေးစက် စတာတွေအဆုံး အသုံးဆောင်တိုင်းမှာ chips တွေကို အသုံးပြုကြရတယ်။ Chips ဟာ ဒီနေ့ခေတ် လျှပ်စစ်သုံးပစ္စည်းတိုင်းအတွက် ဦးနှောက်ပါပဲ။ အခု အဲဒီဦးနှောက်ဟာ အခုအချိန်မှာ ရှားပါးမှုနဲ့ကြုံတွေ့နေရပြီဖြစ်တဲ့အတွက် chip အခြေခံထုတ်ကုန် ထုတ်လုပ်မှုတွေဟာလည်း အကျပ်အတည်းနဲ့ ရင်ဆိုင်ကြရတော့တာပါပဲ။

ဒီအကျပ်အတည်းဟာ ဘယ်လောက်အထိကြာမြင့်နိုင်မလဲဆိုရင် နောက် ၂ နှစ်၊ ၂၀၂၃ ခုနှစ်အထိ ကြာမြင့်နိုင်မယ်လို့တော့ ကျွမ်းကျင်သူများက ဆိုကြပါတယ်။

“Chips တွေနဲ့ပတ်သက်ပြီး အခြေအနေအမျိုးမျိုးကြောင့် ပြတ်လပ်တာမျိုးကို ရှောင်ရှားဖို့အတွက် ထုတ်လုပ်မှုတွေ အလုံအလောက်မတိုးတက်ခင် နှစ်အနည်းငယ်ကတည်းက ကျွန်တော်တို့ဟာ ကြိုတင်ရှာဖွေခဲ့ကြတယ်” လို့ IBM ရဲ့ ဥက္ကဋ္ဌဖြစ်သူ Jim Whitehurst က BBC ကိုပြောပါတယ်။ IBM ကတော့ သိတဲ့အတိုင်း microprocessor  နည်းပညာမှာ ကမ္ဘာ့ဦးဆောင်ကုမ္ပဏီပါ။

ဂျာမန် chip ထုတ်လုပ်ရေး Infineon ရဲ့ CEO ဖြစ်သူ Reinhard Ploss ကတော့ သူ့ရဲ့လုပ်ငန်းနယ်ပယ်အတတွင်း ဒီလိုမျိုးအခြေအနေကို မကြုံတွေ့ဖူးသေးဘူး။ ဒါပေမဲ့ ၂ နှစ်ဆိုတဲ့အချိန်ကာလက ကြည့်ရတာ တော်တော်လေးကြာမယ့်သဘောမှာရှိတယ်လို့ CNBC ကို ပြီးခဲ့တဲ့ရက်သတ္တပတ်က ပြောထားတာရှိတယ်။

တခြားအဖွဲ့အစည်းတွေကြည့်ရတာတော့ အားတက်စရာရှိနေပြန်ပါတယ်။ အကြီးမားဆုံး chip ထုတ်လုပ်သူဖြစ်တဲ့ TSMC (Taiwan Semiconductor Manufacturing Company) ထံကသိရတာကတော့ လာမယ့်လအတွင်း မော်တော်ကားလောကက လိုအပ်တဲ့ တောင်းဆိုမှုပမာဏကို ဖြည့်ဆည်းပေးနိုင်ပါတယ်တဲ့။ Cisco ရဲ့ CEO ဖြစ်သူ Chuck Robbins ကလည်း “ဒီ chip ပြတ်လပ်မှုလေကြောင်းဟာ ဒီနှစ်ကုန်ပိုင်းတွေမှာ ကျသွားနိုင်တယ်” လို့ BBC ကိုပြောထားပါတယ်။

ဘယ်လိုပဲဆိုကြ ဆိုကြ၊ လေ့လာသုံးသပ်သူတွေဘက်ကဆိုရင်တော့

“ဘာကြောင့်လဲဆိုတော့ တောင်းဆိုချက်တွေက ဆက်လက်မြင့်မားနေတယ်။ ပေးသွင်းမှုတွေက ဆက်လက် ကျပ်တည်းနေတယ်။ ကျွန်တော်တို့ကတော့ ၂၀၂၂ ကနေပြီး ၂၀၂၃ ခုနှစ်အထိ ဒီပြတ်လပ်မှုပြဿနာဟာ ကြုံတွေ့ရမှာလို့ တွက်ထားကြတယ်။ ကျွန်တော်တို့ ဘာမှကြိုမြင်တာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီ chip လိုအပ်ချက်ဟာ ပေါက်ကွဲထွက်မယ့်အချိန်ဆီကို ဦးတည်နေပါပြီ။” ဆိုပြီး O'Donnell က Forrester blog မှာရေးထားတာတွေ့ရပါတယ်။

Plurimi ရဲ့ CIO ဖြစ်သူ Patrick Armstrong ကတော့ နောက်ထပ် ၁၈ လလောက် chip ထုတ်လုပ်မှုလျော့ကျနိုင်တယ်ဆိုပြီး တွက်ထားပါတယ်လို့ CNBC ကိုပြောထားတာပါ။

“မော်တော်ကားတွေမှမဟုတ်ပါဘူး။ အင်တာနက်နဲ့ ပတ်သက်တာ အားလုံးပါပဲ။ အရင်တုန်းက ထုတ်ခဲ့တဲ့ chips တွေထက် အများကြီး ပိုကောင်းတဲ့ chips တွေကို ထုတ်လုပ်နေကြပါပြီ။ အားလုံးဟာ အင်တာနက်နဲ့ ချိတ်ဆက်နိုင်တာချည်းပါပဲ။” လို့ Armstrong က ပြောခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် chip ထုတ်လုပ်ရေးအသစ်တွေကတော့ ရှိနေဆဲပါပဲ။ Intel ကဆိုရင် အမေရိကန်ဒေါ်လာ ဘီလံ ၂၀ လောက် အသုံးပြုထားပြီး TSMC ဆိုရင် အမေရိကန်ဒေါ်လာ ၂၈ ဘီလီယံလောက်အထိ အသုံးပြုထားတာပါ။ ဒါပေမဲ့ ဒီလောက်ပမာဏဟာ ယနေ့ဈေးကွက်ရဲ့ လိုအပ်ချက်ကို အနည်းငယ်ပဲ ဖြေရှင်းပေးနိုင်မှာဖြစ်တယ်။

ဘယ်သူကမှ semiconductors တွေကို အမှိုက်အိတ်တွေ ဒါမှမဟုတ် သံဗူးခွံတွေနဲ့ ဖြည့်ဆည်းပေးနိုင်ဖွယ်ရာမရှိပါ။ ဒါပေမဲ့ Credit Suisse ရဲ့ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနဲ့ နည်းဗျူဟာ ညွှန်ကြားရေးမှူးဖြစ်သူ Wenzhe Zhao က ထုတ်လုပ်မှုလိုအပ်ချက်တွေကို သိုလှောင်ထားခြင်းဟာ အခြေအနေတွေကို ပိုပြီးဆိုးလာစေတယ်လို့ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ထုတ်ပြောခဲ့ပါတယ်။

အခုအချိန်အတွက်ဆိုရင်တော့ နည်းပညာဆိုင်ရာ ဝယ်ယူသူတွေဟာ စိတ်ရှည်ရှည်ထားဖို့လိုတယ်။ ငွေပိုသုံးဖို့လိုတယ်။ အခြားရွေးချယ်စရာ ဝန်ဆောင်မှုနဲ့ ထုတ်ကုန်တွေကို ရွေးချယ်ဖို့လိုတယ်။ ဒါမှမဟုတ် အခြေအနေတွေပုံမှန်မဖြစ်သေးခင်အချိန်အထိ tools အဟောင်းတွေကို သုံးဖို့လိုတယ်ဆိုပြီးတော့ Forrester ရဲ့ O'Donnell က အကြံပေးထားတာပါ။

Ref: The chip shortage that's wreaking havoc on supplies of cars, computers, and more could last another 2 years, experts say

Author