ပြည်တွင်းလေကြောင်းလိုင်းများတွင် လိုက်ပါစီးနင်းမည့် ခရီးသည်များအနေဖြင့် ၃၆ နာရီအတွင်း စစ်ဆေးထားသည့် ကိုဗစ်ကင်းစင်ကြောင်းဆေးစစ်ချက်ပါရှိမှသာ လိုက်ပါစီးနင်းခွင့်ရရှိမည်

0

Full article

ပြည်တွင်းလေကြောင်းလိုင်းများတွင် လိုက်ပါစီးနင်းမည့် ခရီးသည်များအနေဖြင့် ၃၆ နာရီအတွင်း စစ်ဆေးထားသည့် ကိုဗစ်ကင်းစင်ကြောင်းဆေးစစ်ချက်ပါရှိမှသာ လိုက်ပါစီးနင်းခွင့်ရရှိမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

ယခုအခါ ပြန်လည်ပြေးဆွဲနေသည့် ပြည်တွင်းလေကြောင်းလိုင်းများဖြစ်သည့် GMA ၊ MNA ၊ Air KBZ ၊ AIR THANLWIN လေကြောင်းလိုင်းများတွင်လိုက်ပါစီးနင်းသည့် ခရီးသည်များအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လေကြောင်းခရီးစဉ်များတွင်လိုက်နာရမည့် COVID-19 ရောဂါ ဆိုင်ရာ စည်းကမ်းချက်များကို တိကျစွာလိုက်နာရမည်ဖြစ်ပြီး ခရီးသည်များအနေဖြင့် ၃၆ နာရီအတွင်း စစ်ဆေးထားသည့် COVID-19 ရောဂါ ကင်းရှင်းကြောင်း ဆေးစစ်ချက်လက်မှတ်လိုအပ်မည်ဖြစ်ပြီး COVID Test စစ်ဆေးရန်အတွက် လေယာဉ်လက်မှတ်၊ မှတ်ပုံတင်၊ passport size ဓါတ်ပုံတစ်ပုံ၊ Mask နှင့် Face Shield တို့လိုအပ်မည်ဖြစ်ကြောင်းသိရသည်။ စစ်ဆေးရန်နေရာများမှာ ရန်ကုန်မြို့၊ ဆူးလေဘုရားအနီးရှိ tourist Burma အဆောက်အဦနှင့် အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နားကွင်းရှိ ဒေသန္တရ ဆေးခန်းတွင် စစ်ဆေးနိုင်မည်ဖြစ်ကြောင်းသိရသည်။ COVID Test စစ်ဆေးရာတွင် RDT Test ဖြင့် စစ်ပါက စစ်ဆေးချိန် မိနစ် (၃၀) ခန့်ကြာမြင့်မည်ဖြစ်ပြီး စစ်ဆေးခအနေဖြင့် ၁၀,၀၀၀ ကျပ်ကျသင့်မည်ဖြစ်ကာ PCR Test စစ်ဆေးပါက စစ်ဆေးချိန် ၁ ရက်ကြာမြင့်မည်ဖြစ်ပြီး စစ်ဆေးခအနေဖြင့် ၃၅,၀၀၀ ကျပ် ကျသင့်မည်ဖြစ်ကြောင်းသိရသည်။ ထိုသို့ စစ်ဆေး၍ ပိုးတွေ့ရှိပါက လေယာဉ်လက်မှတ်ကို သက်ဆိုင်ရာ လေကြောင်းလိုင်းမှ ရက်ပြောင်းခြင်းကို အခမဲ့ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းသိရသည်။ ခရီးသည်များအနေဖြင့် မိမိသွားရောက်မည့် မြို့များတွင် quarantine ဝင်ရန် လိုအပ်ခြင်းရှိ/ မရှိနှင့်စပ်လျဉ်းပြီး Stay at Home မှ Stay at Home မြို့သို့ သွားရောက်ပါက quarantine ဝင်ရန်မလိုအပ်ပဲ၊ Stay at Home မှ Non Stay at Home မြို့သို့ သွားရောက်ပါက quarantine ဝင်ရမည်ဖြစ်ကြောင်းသိရသည်။ Nan Stay at Home မြို့မှ မည်သည့်မြို့သို့ သွားရောက်သည်ဖြစ်စေ quarantine ဝင်ရန် မလိုအပ်ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနထံမှသိရသည်။

ပြည်တွင်းလေကြောင်းလိုင်းများပြေးဆွဲခြင်းကို COVID-19 ရောဂါကြောင့် ကာလအတန်ကြာ ရပ်နားထားခဲ့ပြီး ၂၀၂၀ ပြည်နှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် သတ်မှတ်ချက်များနှင့်အညီ ပြန်လည်ပြေးဆွဲခွင့်ပေးခဲ့ခြင်းဖြစ်သည်။

Author