မော်တော်ယာဉ်ပါမစ်လျှောက်ထားရာတွင် ၃ နှစ်အတွင်း ပြန်လည်ရောင်းချခြင်းမပြုရ ဟူသည့် ခံဝန်ချက်ကို တောင်းခံထားသော်လည်း နောက်ဆုံးထားပေးပို့ရရမည့်ရက်ကိုမူ သတ်မှတ်မထား

0

Full article

ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများအား မော်တော်ယာဉ်ပါမစ်လျှောက်ထားရာတွင် ၃ နှစ်အတွင်း ပြန်လည်ရောင်းချခြင်းမပြုရ ဟူသည့် ကာယကံရှင်ကိုယ်တိုင်လက်မှတ်ရေးထိုးထားသည့် ခံဝန်ချက်ကို တောင်းခံထားသော်လည်း နောက်ဆုံးထားပေးပို့ရရမည့်ရက်ကိုမူ သတ်မှတ်မထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

မော်တော်ယာဉ်ပါမစ်လျှောက်ထားရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်ရပြီးသော ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများအား ရာထူးအဆင့်အလိုက် ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခြင်းနှင့် ပြည်တွင်းအရောင်းပြခန်းမှ ဝယ်ယူခြင်းတို့အတွက် မော်တော်ယာဉ်ပါမစ်ထုတ်ပေးရာတွင်

“ကိုယ်ပိုင်အသုံးချရန် ဝယ်ယူခွင့်ပေးခြင်းဖြစ်သဖြင့် ၃ နှစ်အတွင်း ပြန်လည်ရောင်းချခြင်းမပြုရဟု ခံဝန်ချက်ရရှိရန်လိုအပ်ကြောင်း”

ကို နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အား ပြည်ထောင်စုဝန်ကြီးရုံးမှ အကြောင်းကြားလာသဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ ဒေသများမှ မော်တော်ယာဉ်တင်သွင်းခွင့်၊ ဝယ်ယူခွင့်ရရှိမည့် ဝန်ထမ်းများအနေဖြင့် ပါမစ်လျှောက်ထားရာတွင် ပူးတွဲပါ ကတိပြုခံဝန်ချက်တွင် တင်သွင်းရန်နှင့် ဝယ်ယူခွင့်ရရှိသူ ကာယကံရှင်ကိုယ်တိုင် လက်မှတ်ရေးထိုးထားသော မူရင်း နှစ်စုံအား ဦးဆောင်ညွှန်ကြားရေးမှူးရုံးသို့ ပေးပို့ပေးရန် တောင်းခံထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှသိရသည်။ ထိုသို့ ကတိပြုခံဝန်ချက်ကို တောင်းခံထားသော်လည်း နောက်ဆုံးထားပေးပို့ရမည့်ရက်ကိုမူ သတ်မှတ်မထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ ၃ နှစ်အတွင်း ပြန်လည်မရောင်းချဖို့ အတွက်ကို ဝန်ခံကတိထိုးခိုင်းတာပေါ့။ ဝယ်ယူခွင့်ရရှိတဲ့ အကျုံးဝင်တဲ့လူအားလုံးကို စီးပွားကူးသန်းကနေ တောင်းထားတာတော့ရှိပါတယ်။ ဒါပေမဲ့ နောက်ဆုံးထားပြီး ပေးပို့ရမယ့်ရက်ကို သတ်မှတ်ထားတာတော့မရှိပါဘူး။ ဘာလို့လဲဆိုတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပျံ့နှံ့နေတဲ့အတွက်ပါ။ ဥပမာပြောရရင် ပညာရေးဝန်ကြီးဌာန ဆိုပါတော့။ ဆရာ/ဆရာမတွေအနေနဲ့ တစ်နိုင်ငံလုံးနေရာအနှံ့အပြားမှာရှိနေတဲ့အပြင် နယ်စပ်လိုနေရာမျိုးတွေမှာပါရှိနေတဲ့အတွက် သွားရေးလာရေးခက်ခဲတဲ့အခါ အချိန်မီ ပေးပို့ဖို့ဆိုတာ သူတို့အတွက်ခက်ခဲတဲ့အတွက်ပါ။ ဒါအပြင် ပါမစ်လျှောက်ထားတဲ့နေရာမှာလည်း ဘယ်နေ့နောက်ဆုံးထားပြီး လျှောက်ထားရမယ်ဆိုတဲ့ ကန့်သတ်ချက်လည်း မရှိပါဘူး”

ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့သည်။

မော်တော်ယာဉ်လျှောက်ထားရာတွင် Model Year ဖြည့်သွင်းရာ၌ (2018-2019, 2019-2020, 2020- 2021 ) ဟု ရေးသွင်းခြင်းမပြုရန်နှင့် 2019 Model, 2020 Model , 2021 Model ဟုသာ ဖြည့်သွင်းရန်နှင့် Model Year ပြင်ဆင်ခွင့်ကို တစ်ကြိမ်ပြင်ဆင်ခွင့်ပေးထားကြောင်းကိုလည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှသိရသည်။

Author