အားတခါသွင်းပြီး ခရီးအဝေးဆုံးသွားနိုင်မည့် model S Plaid+ ထုတ်လုပ်မှုအား Tesla မှ ဖျက်သိမ်းဟု Musk ပြော

0

Full article

Tesla သည် လက်ရှိအချိန်၌ ကမ္ဘာ့အကောင်းဆုံး လျှပ်စစ်စွမ်းအင်သုံးကားများကို ထုတ်လုပ်နေသည့် ကားထုတ်လုပ်ရေးလုပ်ငန်းကြီးဖြစ်သည်။ Tesla ၏ CEO နှင့် တည်ထောင်သူဖြစ်သူ Elon Musk က မကြာမီထုတ်လုပ်တော့မည့် Tesla Model S စီမံကိန်းတွင်ပါဝင်သည့် Model S Plaid+ ကို ဖျက်သိမ်းလိုက်ကြောင်း ပြီးခဲ့သည့် တနင်္ဂနွေနေ့ (ဇွန်လ ၆ ရက်နေ့) က ၎င်း၏ twitter မှတဆင့် ပြောကြားလိုက်သည်။

“Plaid+ ကို cancel လိုက်ပြီ။ မလိုအပ်ဘူး။ Plaid နဲ့တင် အရမ်းကောင်းနေပြီ၊” ဟု Musk က tweet ခဲ့ခြင်းဖြစ်၏။

Model S Plaid+ သည် Tesla ၏ highest-end model ဖြစ်လာလိမ့်မည်ဟု ရေပန်းစားနေပြီး ဘက်ထရီအားအပြည့်တခါသွင်းထားပြီးပါက မိုင် ၅၂၀ အထိပင် မောင်းနှင်နိုင်မည်ဖြစ်သည်။ S Plaid+ တွင် ၎င်းတို့၏ ဘက်ထရီမျိုးဆက်သစ် ဆဲလ်ပေါင်း ၄,၆၈၀ အထိအသုံးပြုဖွယ်ရာရှိခဲ့ပြီး တကယ်တမ်းထုတ်လုပ်မှုလုပ်ဆောင်ရာတွင် ၂၀၂၁ နှစ်ကုန်ပိုင်းမှနေ၍ ၂၀၂၂ အထိပိုမိုကြာမြင့်ဖွယ်ရာရှိနေသည်။

မည်သို့ဆိုစေကာမူ Musk က Model S Plaid နှင့်ပတ်သက်ပြီး “ကားအမျိုးအစားအားလုံးတွင် ထုတ်လုပ်မှုအမြန်ဆုံး၊” ဟုဆိုလိုက်သည်။

Tesla ကုမ္ပဏီ၏ website အဆိုအရ Model S Plaid သည် ရပ်ထားသည့်အနေအထားမှ တနာရီ မိုင် ၆၀ အရှိန်နှုန်းကိုရရန်အတွက် ၁.၉၉ စက္ကန့် သာကြာမြင့်မည်ဖြစ်ပြီး အမြင့်ဆုံးမြန်နှုန်း တနာရီလျင် မိုင် ၂၀၀ အထိမောင်းနှင်နိုင်မည်ဖြစ်ကာ အားတခါသွင်းပြီး ခန့်မှန်းခြေ မိုင် ၃၉၀ အထိ မောင်းနှင်နိုင်မည်ဖြစ်သည်။

“Model S ဟာ ဒီအပတ်အတွင်း Plaid ရဲ့ မြန်နှုန်းနဲ့သွားနေပါတယ်၊” ဟု Musk က အသေးစိတ်မဟုတ်ဘဲ ပြောခဲ့ပြန်သည်။

Model S Plaid သည် ပြီးခဲ့သည့် ဇွန်လ ၃ ရက်နေ့တွင် မိတ်ဆက်မည်ဟု အချိန်သတ်မှတ်ခဲ့ကြသော်လည်း ဇွန်လ ၁၀ ရက်နေ့သို့ ရွေ့ပြောင်းသွားသည်။

Model S Plaid ၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၁၂,၉၉၀ ကျသင့်မည်ဟု ကုမ္ပဏီ၏ webiste မှတဆင့် သိရသည်။

Ref: Musk says Tesla cancels the longest-range Model S Plaid+

Photo : Tesla Model S Plaid Plus officially canceled, Elon Musk says

Author