မော်တော်ဆိုင်ကယ် စီးနင်းခွင့်မပြုထားသည့် မြို့နယ်များတွင် စီးနင်းသည်ကို စစ်ဆေးတွေ့ရှိပါက ဥပဒေအရ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်

0

Full article

မော်တော်ဆိုင်ကယ်အား စီးနင်းခွင့်မပြုထားသည့် မြို့နယ်များတွင် စီးနင်းသည်ကို စစ်ဆေးတွေ့ရှိပါက ဥပဒေအရ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းကြီးကြပ်ရေးကော်မတီမှ အသိပေးနိုးဆော်ထားပါသည်။

ရန်ကုန်မြိုတော်အတွင်း မော်တော်ဆိုင်ကယ်စီးနင်းခြင်းနှင့် ပတ်သက်၍ မော်တော်ဆိုင်ကယ်ကို ရန်ကုန်တိုင်းအတွင်း သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒလ၊ ဆိပ်ကြီးခနောင်တို၊ ကိုကိုးကျွန်း၊ လှည်းကူး၊ မှော်ဘီ၊ တိုက်ကြီး၊ ထန်းတပင်မြို့နယ်များတွင် စီးနင်းခွင့်ပြုထားပြီး ကျန်မြို့နယ်များတွင် စီးနင်းခွင့်ကို လုံးဝ( လုံးဝ) ခွင့်ပြုထားခြင်းမရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီမှ ကြေညာထားပါသည်။ မော်တော်ဆိုင်ကယ် စီးနင်းခွင့်မရှိသည့် မြို့နယ်များတွင် စီးနင်းသည်ကို စစ်ဆေးတွေ့ရှိပါက ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် လိုင်စင်မဲ့ဆိုင်ကယ်များအား စီးနင်းသည်ကို စစ်ဆေးတွေ့ရှိပါက နိုင်ငံပိုင်အဖြစ် သိမ်းဆည်းသွားမည်ဖြစ်ပြီး၊ နယ်ကျော်စီးနင်းသူများကိုလည်း ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီမှ အသိပေးနှိုးဆော်ထားပါသည်။ ရန်ကုန်တိုင်းစည်ပင်သာယာ နယ်နိမိတ်အတွင်း စီးနင်းနေသည့် ဆိုင်ကယ်များ၊ လျှပ်စစ်ဆိုင်ကယ်များနှင့် ဘက်ထရီစက်ဘီးများအား စီးနင်းခြင်းမပြုရန် အသိပညာပေးဆောင်ရွက်မှုများကို ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလဆန်းပိုင်းတွင် ဆောင်ရွက်ခဲ့ပြီး ၊ အောက်တိုဘာလ တတိယပတ်မှ စတင်ကာ ချလန်ဖြတ် အရေးယူခြင်းများဆောင်ရွက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီထံမှ သိရသည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်း စည်းကမ်းဖောက်ဖျက်စီးနင်းသည့် မော်တော်ဆိုင်ကယ်၊ လျှပ်စစ်ဆိုင်ကယ်စုစုပေါင်း ၂,၇၀၀ ကျော် အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Author