မော်တော်ဆိုင်ကယ်၊ သုံးဘီးမော်တော်ဆိုင်ကယ်၊ လူစီး သုံးဘီးမော်တော်ယာဉ်နှင့် ထရော်လာဂျီယာဉ်များ၏ ကနဦးမှတ်ပုံတင်ခြင်းလုပ်ငန်းများကို Online Booking စနစ်ဖြင့် ၂၀.၁.၂၀၂၁ ရက်နေ့တွင် ပြန်လည်စတင်ဆောင်ရွက်ပေးသွားမည်

0

Full article

မော်တော်ဆိုင်ကယ်၊ သုံးဘီးမော်တော်ဆိုင်ကယ်၊ လူစီး သုံးဘီးမော်တော်ယာဉ်နှင့် ထရော်လာဂျီယာဉ်များ၏ ကနဦးမှတ်ပုံတင်ခြင်းလုပ်ငန်းများကို Online Booking စနစ်ဖြင့် ၂၀.၁.၂၀၂၁ ရက်နေ့ (ဗုဒ္ဓဟူးနေ့) တွင် ပြန်လည်စတင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသည် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် မော်တော်ဆိုင်ကယ်၊ သုံးဘီးမော်တော်ဆိုင်ကယ်၊ လူစီးသုံးဘီးယာဉ် နှင့် ထရော်လာဂျီယာဉ်များ၏ ကနဦးယာဉ် မှတ်ပုံတင်ခြင်းလုပ်ငန်းများကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ရုံးများအားလုံး၌ ၂၀.၁.၂၀၂၁ ရက်နေ့ (ဗုဒ္ဓဟူးနေ့) တွင် ပြန်လည်ဖွင့်လှစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်ပေးရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရန်အတွက် online booking စနစ်သို့ပြောင်းလဲကျင့်သုံးသွားမည်ဖြစ်ကြောင်းသိရသည်။ မော်တော်ဆိုင်ကယ်၊ သုံးဘီးမော်တော်ဆိုင်ကယ်၊ လူစီး သုံးဘီးမော်တော်ယာဉ်နှင့် ထရော်လာဂျီယာဉ်များအား ကနဦးယာဉ်မှတ်ပုံတင်ဆောင်ရွက်လိုသူများအနေဖြင့် မိမိဆောင်ရွက်လိုသည့်နေ့ရက်ကို www.rtad.gov.mm website တွင် ၁၈.၁.၂၀၂၁ ရက်နေ့မှစတင်ကာ အနည်းဆုံး (၁) ရက်မှ အများဆုံး (၁၀) ရက်အထိ ရက်ချိန်းကြိုတင်ရယူနိုင်ကြောင်းသိရသည်။ မော်တော်ဆိုင်ကယ်၊ သုံးဘီးမော်တော်ဆိုင်ကယ်၊ လူစီး သုံးဘီးမော်တော်ယာဉ်နှင့် ထရော်လာဂျီယာဉ်များ၏ ကနဦးယာဉ်မှတ်ပုံတင်လုပ်ငန်းများဆောင်ရွက်ပေးရာတွင် မော်တော်ဆိုင်ကယ်အား မန္တလေးတောင်ပိုင်းနှင့် မြောက်ပိုင်းခရိုင်ရုံးများတွင် တစ်ရက်လျှင် အစီးရေ ၃၀၀၊ ကျန်ပြည်နယ်နှင့်တိုင်းများရှိရုံးများတွင် တစ်ရက်လျှင် အစီးရေ ၂၀၀ ဖြင့်လည်းကောင်း၊ သုံးဘီးမော်တော်ဆိုင်ကယ်နှင့် လူစီး သုံးဘီးမော်တော်ယာဉ်များအား ရုံးအားလုံးတွင် တစ်ရက်လျှင် အစီးရေ ၅၀ ဖြင့်လည်းကောင်း၊ ထရော်လာဂျီယာဉ်များအား ရုံးအားလုံးတွင် တစ်ရက်လျှင် အစီးရေ ၅၀ ဖြင့်လည်းကောင်း အသီးသီးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ကြေညာချက်အရသိရသည်။

Online Booking လျှောက်ထားရာတွင် Appointment letter ၌ ကြိုတင်ဖော်ပြထားသည့် COVID-19 ကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်ရမည့်အချက်များကို တိကျစွာလိုက်နာရန်ကိုလည်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အသိပေးနှိုးဆော်ထားပါသည်။

Author