ယခုကာလအတွင်း YBS ယာဉ်လိုင်းများကို အများပြည်သူသွားလာရေးအဆင်ပြေရန်အတွက် ကြိုးစားပြေးဆွဲသွားမည်

0

Full article

ယခုကာလအတွင်း ရန်ကုန်မြို့ရှိ အများပြည်သူသွားလာရေး အဆင်ပြေရန်အတွက် YBS ယာဉ်များအားကြိုးစားပြေးဆွဲပေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ထံမှသိရသည်။

“ကျွန်တော်တို့ YBS လုပ်ငန်းဟာရန်ကုန်လူထုနဲ့ အများပြည်သူကို ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းဖြစ်တဲ့အတွက် ယာဉ်လိုင်းတွေကို ကြိုးစားပြေးဆွဲပေးနေပါတယ်။ အခုလည်း ယာဉ်တွေပြေးဆွဲနိုင်အောင် စီစဉ်ဆောင်ရွက်နေပါတယ်။ ခရီးသွားလာမယ့် ပြည်သူလူထု အဆင်ပြေချောမွေ့ရေးအတွက် နဲ့ ဒီယာဉ်လိုင်းတွေကို အားပြုပြီးခရီးသွားနေရတဲ့ ပြည်သူလူထုအတွက် ဆက်ပြီးပြေးဆွဲပေးနိုင်အောင် ကြိုးစားနေပါတယ်” ဟု YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်မှ ပြောကြားခဲ့သည်။

ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း YBS ယာဉ်လိုင်းများအနေဖြင့် တစ်နေ့လျှင် စီးနင်းသူဦးရေ နှစ်သိန်းခွဲဝန်းကျင်ခန့်ရှိခဲ့ပြီး ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ခရီးသည်ဦးရေ ၂၆၂,၁၈၀ ဦး၊ ၁၀ ရက်နေ့တွင် ၂၆၈,၈၄၈ ဦး၊ ၁၁ ရက်နေ့တွင် ၂၅၀,၉၂၇ ဦး၊ ၁၂ ရက်နေ့တွင် ၁၈၁,၆၆၂ ဦး၊ ၁၃ ရက်နေ့တွင် ၁၃၁,၃၃၇ ဦး တို့ကို နေ့စဉ် စီးနင်းခဲ့ကြောင်းသိရသည်။ လတ်တလောတွင် CNG ဆိုင်များမှ ဝန်ထမ်းများသည် Civil Disobedience Movement တွင် ပါဝင်နေသည့်အတွက် CNG ဆိုင်များပိတ်ထားရကာ YBS ယာဉ်လိုင်းများအနေဖြင့် ပြေးဆွဲရန် အခက်အခဲများဖြစ်ပေါ်နေကြောင်းသိရသည်။ ယခင်က ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ နာယကအနေဖြင့် ဦးဆောင်ဖွဲ့စည်းခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) သည် လက်ရှိတွင် မည်သူ၏ ဦးဆောင်မှုအောက်တွင် ဆက်လက်လည်ပတ်နေသည်ကိုမူ သိရှိရခြင်းမရှိပေ။

Author