COVID -19 ကပ်ရောဂါကြောင့် အရှုံးပေါ်နေသော ယာဉ်လိုင်းကုမ္ပဏီများ သက်ဆိုင်ရာဝန်ကြီးဌာနများနဲ့ ညှိနှိုင်း

0

Full article

COVID -19 ကပ်ရောဂါကြောင့် အရှုံးပေါ်နေသော ယာဉ်လိုင်းကုမ္ပဏီများ ပြန်လည်ထူထောင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းကာ ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံတော်၏ အကူအညီကိုလည်း လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) မှပြောကြားခဲ့သည်။

“ကျွန်တော်တို့ရဲ့ ယာဉ်လိုင်းကုမ္ပဏီတိုင်းမှ အခက်အခဲ တွေရှိနေပါတယ်။ ဒီနေရာမှာ နှစ်မျိုးရှိပါတယ်။ တစ်ခုက ကုမ္ပဏီပိုင်ယာဉ် အများစုရှိတဲ့ ယာဉ်လိုင်းကုမ္ပဏီနဲ့ ကုမ္ပဏီပိုင်ယာဉ်မရှိပဲ ပုဂ္ဂလိကပိုင်ယာဉ်တွေကို စုစည်းပြီးပြေးဆွဲနေတဲ့ ယာဉ်လိုင်းကုမ္ပဏီဆိုပြီး နှစ်မျိုးရှိပါတယ်။ ကျွန်တော်တို့ YRTA အနေနဲ့ ဘယ်လိုဆောင်ရွက်ပေးသလဲဆိုတော့ နှစ်ပိုင်းရှိပါတယ်။ ပထမအပိုင်းက ကျွန်တော်အနေနဲ့ သူတို့ရဲ့ အခက်အခဲတွေကို သိရှိနားလည်ပြီး ဖြေလျှော့ပေးရတဲ့အပိုင်း။ ဒုတိယအပိုင်းက နိုင်ငံတော်ကို တင်ပြပေးရမယ့်အပိုင်းဆိုပြီး နှစ်ပိုင်းရှိပါတယ်။ YRTA အနေနဲ့ကတော့ ယခင်က နေ့စဉ်ကောက်ခံခဲ့တဲ့ စီမံခန့်ခွဲမှုစရိတ် လေးထောင်ကို ပြီးခဲ့တဲ့နှစ် မတ်လကတည်းက ရပ်ဆိုင်းခဲ့ပါတယ်။ နောက် ပြီးခဲ့တဲ့ ၂၀၂၀ မြန်မာနှစ်ကူးကာလမှ သိန်း ၅၀၀ သော CNG ဖိုးတွေကို စိုက်ထုတ်ပေးခဲ့တယ်။ ဒါ့အပြင် ယာဉ်လုပ်သားတွေအတွက်လည်း ဆန်တွေဆီတွေ ပေးခဲ့ပါတယ်။ အခုဆို ယာဉ်မောင်းတွေအတွက် Mask တွေ၊ လက်ဆေးရည်တွေ ဝေငှခဲ့ပါတယ်။ ဒါက ကျွန်တော်တို့အပိုင်းပါ။ နောက် နိုင်ငံတော်ကိုလည်း တင်ပြထားတာတွေရှိပါတယ်။ CNG ဖိုးတွေကို လျှော့ချကောက်ခံပေးဖို့ကို တင်ပြထားတာရှိပါတယ်။ ဒါမှလည်း ဒီလိုကာလမှာ ယာဉ်လိုင်းကုမ္ပဏီတွေအနေနဲ့က သူတို့ရဲ့အရှုံးကို ခံသာမှာဖြစ်ပါတယ်။ နောက်ဆုံးပြောရရင်တော့ COVID-19 ကြောင့် အရှုံးပေါ်နေတဲ့ ယာဉ်လိုင်းတွေအတွက် သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ အကောင်းဆုံးညှိနှိုင်းပြီး ပြန်လည်ထူထောင်မှုတွေ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နိုင်ငံတော်အနေနဲ့လည်း ကျွန်တော်တို့ကို ကူညီဖို့ လိုအပ်ပါတယ်”

ဟု YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်မှ ပြောကြားခဲ့သည်။

YBS ယာဉ်များ၏ CNG ကုန်ကျစားရိတ်မှာ တစ်ရက်လျှင် ကျပ်နှစ်သောင်းခွဲမှ နှစ်သောင်းသုံးထောင်ခန့် ကျသင့်ကုန်ကျနေပြီး YRTA မှ CNG တန်ဖိုးကို လျှော့ချကောက်ခံပေးရန် တင်ပြထားကြောင်းသိရသည်။

Author