၂၀၂၁ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းတွင် YBS ယာဉ်လိုင်းများတွင် နေ့စဉ်လိုက်ပါစီးနင်းသည့် ခရီးသည်ဦးရေ ၆ သိန်းကျော်သို့ ပြန်လည်ရောက်ရှိလာ

0

Full article

၂၀၂၁ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းတွင် YBS ယာဉ်လိုင်းများတွင် နေ့စဉ်လိုက်ပါစီးနင်းသည့် ခရီးသည်ဦးရေ ၆ သိန်းကျော်သို့ ပြန်လည်ရောက်ရှိလာပြီး COVID -19 ကာလမတိုင်မီက လိုက်ပါစီးနင်းခဲ့သည့် အရေအတွက်၏ ၃၅ ရာခိုင်နှုန်းသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ထံမှသိရသည်။

COVID-19 ရောဂါကာလမတိုင်မီအချိန်များ၌ တစ်ရက်လျှင် လိုက်ပါစီးနင်းသည့်ခရီးသည်အရေအတွက် ၁.၈ သန်းအထိရှိခဲ့သော YBS ယာဉ်လိုင်းများသည် COVID-19 ကာလ ပထမလှိုင်းနှင့် ဒုတိယလှိုင်းကာလများတွင်း စီးနင်းသူအရေအတွက် ကျဆင်းခဲ့ရပြီး ယခုအခါ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလကုန်ပိုင်းတွင် လိုက်ပါစီးနင်းသည့်ခရီးသည်အရေအတွက်မှာ တစ်ရက်လျှင် ၆ သိန်းကျော်အထိ ပြန်လည်ရောက်ရှိလာပြီး ယခင်အရေအတွက်၏ ၃၅ ရာခိုင်နှုန်းသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA) ထံမှသိရသည်။

“ကျွန်တော်တို့ယာဉ်လိုင်းတွေအနေနဲ့မှာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဆယ်လပိုင်းမှာဆို ခရီးသည်ဦးရေ ၂ သိန်းကျော်၊ ဆယ့်တစ်လပိုင်းမှာ ၄ သိန်းကျော်၊ ၂၀၂၀ နှစ်ကုန်ပိုင်းမှာ ၅ သိန်းကျော်နဲ့ ခရီးသည်အရေအတွက် ပြန်တိုးလာတာကိုတွေ့ရပါတယ်။ ၂၀၂၀ ဩဂုတ်လအတွင်းမှာ တစ်နေ့ကို ခရီးသည် ၈ သောင်းလောက်အထိ ကျခဲ့ပြီးနောက် ခရီးသွားပြည်သူတွေအနေနဲ့ mask တွေ face Shield တွေတပ်ဆင်ပြီး စီးနေကြပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း ကျွန်တော်တို့ယာဉ်တွေကို လေဝင်လေထွက်ကောင်းအောင်လုပ်တာတွေ၊ ဆေးဖျန်းတာတွေ စသဖြင့် ဆောင်ရွက်ထားပါတယ်”

ဟု YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်မှ ပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းတွင် YBS ယာဉ်လိုင်းများ၌ တစ်ရက်လျှင် လိုက်ပါစီးနင်းသည့်ခရီးသည်ဦးရေမှာ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ၆၄၇.၇၀၁ ဦး၊ ၂၁ ရက်နေ့တွင် ၆၃၅,၉၆၁ ဦး၊ ၂၂ ရက်နေ့တွင် ၆၃၅,၆၇၅ ဦး၊ ၂၃ ရက်နေ့တွင် ၆၀၉,၇၀၆ ဦး၊ ၂၄ ရက်နေ့တွင် ၅၆၁, ၉၁၄ ဦး၊ ၂၅ ရက်နေ့တွင် ၆၀၃,၀၃၁ ဦး၊ ၂၆ ရက်နေ့တွင် ၆၄၆,၁၀၃ ဦး၊ ၂၇ ရက်နေ့တွင် ၆၄၆,၂၈၉ ဦး တို့ အသီးသီး လိုက်ပါစီးနင်းခဲ့ကြောင်းသိရသည်။

လတ်တလောတွင် YRTA အနေဖြင့် ယာဉ်လိုင်း ၁၀၅ လိုင်းဝန်းကျင်၊ ယာဉ်အစီးရေ ၃,၄၀၀ ခန့်ဖြင့် နေ့စဉ် ပြေးဆွဲပေးလျက်ရှိကြောင်းသိရသည်။

Author