YRTA ၏ ကျောင်းကားများ ပြန်လည်ပြေးဆွဲမည်ဖြစ်သလို စီးနင်းခများကိုလည်း ပြီးခဲ့သည့်နှစ်မှ နှုန်းထားအတိုင်းသာ ကောက်ခံသွားမည်

0

Full article

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုအာဏာပိုင်အဖွဲ့ (YRTA) ၏ ကျောင်းကားများပြေးဆွဲရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်နှင့်အညီ Social Distancing ဖြင့်ပြေးဆွဲပေးသွားမည်ဖြစ်သလို စီးနင်းခကိုလည်း ပြီးခဲ့သည့်နှစ်မှ နှုန်းထားအတိုင်းသာ ကောက်ခံသွားမည်ဖြစ်ကြောင်း YRTA ထံမှသိရသည်။

“ကျွန်တော်တို့ YRTA အနေနဲ့ ကျောင်းကားစီးနင်းခတွေကို ပြီးခဲ့တဲ့စာသင်နှစ်ကနှုန်းထားအတိုင်းပဲ ကောက်ခံသွားမှာဖြစ်ပါတယ်။ ဒါပေမဲ့ ကျောင်းကားတွေမှာ စီးနင်းရမယ့် ကျောင်းသားဦးရေကတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ သတ်မှတ်ချက်တွေနဲ့အညီ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကားတစ်စီးမှာ အများဆုံး ၁၄ ယောက်ပဲတင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ YRTA အနေနဲ့ ကျောင်းကားလုပ်ငန်းကို စီးပွားရေးလုပ်ငန်းတစ်ရပ်အနေနဲ့ လုပ်တာမဟုတ်ပါဘူး။ လူမှုအကျိုးပြု လုပ်ငန်းတစ်ခုအနေနဲ့ပဲ ဆောင်ရွက်တာဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ ဒီကျောင်းကားလုပ်ငန်းကိုလုပ်ကိုင်နေတဲ့ လုပ်ငန်းသမားတွေအတွက်လည်း ထည့်သွင်းစဉ်းစားပေးပါတယ်ဆိုတာ သိစေချင်ပါတယ်။ သူတို့ရဲ့လုပ်ငန်းအခြေအနေ ကိုလည်းစဉ်းစားရပါတယ်”

ဟု YRTA ၏ မန်နေးဂျင်းဒါရိုက်တာ ဦးအောင်ညီညီမော်မှ ပြောကြားခဲ့သည်။

လက်ရှိတွင် YRTA  ထံ၌ ကျောင်းကားစီးရေ ၁၉၈ စီးရှိနေပြီး ယမန်နှစ်က အစီးရေ ၁၀၇ စီးပြေးဆွဲခဲ့ကာ ယခုနှစ်တွင် စီးနင်းရန်စာရင်းပေးသွင်းထားသော ကျောင်းသားအရေအတွက်မှာ ၉၀ ခန့်ရှိနေပြီး ထပ်မံစီးနင်းမည့် ကျောင်းသားဦးရေကို စာရင်းကောက်ယူနေကြောင်းသိရသည်။
ယမန်နှစ်က YRTA ၏ ကျောင်းကားစီးနင်းခကို ခရီးစဉ်အကွာအဝေးအလိုက် ကောက်ခံခဲ့ပြီး ကျသင့်ငွေမှာ နှစ်သောင်းကျပ်ဝန်းကျင်မှ အဝေးဆုံးအကွာအဝေးအတွက် အများဆုံး ၅ သောင်းကျပ်ဝန်းကျင်ကောက်ခံခဲ့ကြောင်းသိရသည်။

Author