CNG ဈေးနှုန်းများ အထိုက်လျောက် လျှော့ချပေးရန် YRTA တွဲဖက်အတွင်းရေးမှူးပြောကြား

0

Full article

လက်တလောဖြစ်ပွားနေသည့် COVID -19 ရောဂါကြောင်း စီးနင်းသူအရေအတွက် လွန်စွာကျဆင်းနေချိန်တွင် CNG ဈေးနှုန်းများ အထိုက်လျောက် လျှော့ချပေးမည်ဆိုပါက YBS ယာဉ်လိုင်းကုမ္ပဏီများ ရေရှည်ရပ်တည်ရေးကို အထောက်အပံ့ဖြစ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) တွဲဖက်အတွင်းရေးမှူးမှ ပြောကြားခဲ့သည်။

“COVID-19 ရောဂါ ပထမလှိုင်းဖြစ်ပွားခဲ့တဲ့ ဧပြီလမှာကတည်းက ကျွန်တော်တို့ယာဉ်လိုင်းတွေရဲ့ ရပ်တည်နိုင်မှုအတွက်အတော်လေး ကြိုးပမ်းခဲ့ရပါတယ်။ အခုမှာက ကျွန်တော်တို့တင်ပြထားတဲ့ CNG ကိစ္စပါပဲ။ အခု CNG ဈေးနှုန်းဟာ တစ်ကီလိုကို  ၂၇၃ ကျပ် ၂၅ ပြားကျသင့်ပါတယ်။ ဒါလေးကို အထိုက်အလျောက်လျှော့မယ်ဆိုရင် ယာဉ်လိုင်းကုမ္ပဏီတွေအနေနဲ့ စိုက်ထုတ်ရမယ့် ငွေကြေးပမာဏဟာ အများကြီးလျော့သွားမှာဖြစ်ပါတယ်။ ဒါကို ဒီအချိန်လေးမှာ ပေးလိုက်ရင်၊ ကျွန်တော်တို့ ယာဉ်တွေကလည်း ဘယ်လိုပဲ လျှော့ပေးပေး စီးမယ့်လူမရှိရင် ထွက်မှာမဟုတ်တဲ့အတွက် ဒီအချိန်မှာ ကျားကန်ပေးမယ်ဆိုရင် ဘာပဲပြောပြော ကျွန်တော်တို့ယာဉ်လိုင်းတွေအတွက်တော့ အနည်းနဲ့အများ အထောက်အပံ့ဖြစ်မှာပါ။ CNG ဖိုး နှစ်သောင်းကျော်လောက်ကျသင့်မယ့် နေရာမှာ တစ်သောင်းကျော်လောက်ပဲကျသင့်မယ်ဆိုရင် ပိုထွက်လာတဲ့ ငွေကို လုပ်သားပိုင်းသော်လည်းကောင်း ၊ စီမံခန့်ခွဲမှုစားရိတ်မှာသော်လည်းကောင်း ဒီအပေါ်မှာ အထောက်အပံ့ဖြစ်မှာ ဖြစ်ပါတယ်။ အခု ယာဉ်ထွက်တဲ့စာရင်းကို ကြည့်မယ်ဆိုရင်လည်း တစ်ရက်ကို အစီး တစ်ထောင်ကျော်ဆိုတော့အရင်ကထက်စာရင် သုံးချိုးတစ်ချိုးလောက်ဖြစ်နေပါတယ်။ အဲ့ဒီ့အခါ ဘယ်လို စီမံမလဲ ဆိုတဲ့ အနေအထားကို စဉ်းစားရပါတယ်။ ကျွန်တော်တို့ ယာဉ်လိုင်းတွေ ရေရှည် ရှင်သန်ရပ်တည်ရေးအတွက်လည်း ထည့်သွင်းစဉ်းစားရတဲ့အတွက် ပြေးဆွဲမှုမှာ တင်းကျပ်တဲ့ အနေအထားကို ဆောင်ရွက်လို့မရပါဘူး။ အားလုံးကို ခြုံငုံသုံးသပ်ပြီးဆောင်ရွက်နေရပါတယ်”

ဟု YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်မှ ပြောကြားခဲ့သည်။


ယခင်က တစ်ရက်လျှင် စီးနင်းသူဦးရေ ၁၈ သိန်းခန့်ရှိခဲ့သော YBS ယာဉ်လိုင်းများအနေဖြင့် COVID-19 ရောဂါ ပထမလှိုင်းတွင် စီးနင်းသူကျဆင်းခဲ့ပြီးနောက် ဒုတိယလှိုင်းမဖြစ်ပွားမီတွင် တစ်ရက်လျှင် စီးနင်းသူအရေအတွက် ၁၁ သိန်းခန့်သို့ ပြန်လည်ရောက်ရှိခဲ့သော်လည်း ယခုအခါ စီးနင်းသူအရေအတွက်မှာ တစ်ရက်လျှင် ၈ သောင်းဝန်းကျင်ခန့်သာရှိတော့ကြောင်းသိရသည်။

Author