YPS ကဒ်စနစ် အသုံးပြုနိုင်သည့် ယာဉ်အရေအတွက် တိုးချဲ့ရန်အတွက် ဆောင်ရွက်နေဆဲသာ

0

Full article

Yangon Payment Service (YPS) ကဒ်စနစ် အသုံးနိုင်သည့် ယာဉ်အရေအတွက် တိုးချဲ့ရန်အတွက် ဆောင်ရွက်နေဆဲသာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ထံမှသိရသည်။

“ကျွန်တော်တို့အနေနဲ့ YPS ကဒ်စနစ်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဲ့ YRTA ဖွဲ့စည်းတည်ထောင်ကတည်းက ဒါကိုဖော်ဆောင်ဖို့အတွက်ရည်ရွယ်ခဲ့တဲ့အတွက် ကျွန်တော်တို့အနေနဲ့က ဒါကို အလေးထားပြီးဆောင်ရွက်နေပါတယ်။ ဒါပေမဲ့ အခုအခြေအနေမှာက ကျွန်တော်တို့ရည်မှန်းခဲ့တဲ့ အနေအထားကို မလုပ်နိုင်သေးပါဘူး။ ဥပမာအားဖြင့်ပြောရမယ်ဆိုရင် YBPC ကုမ္ပဏီမှာရှိတဲ့ Distance pay နဲ့သွားနေတဲ့လိုင်းတွေ၊ YUPT နဲ့ ဗန္ဓုလ လိုင်းတွေမှာ Flat pay နဲ့သွားနေတဲ့လိုင်းတွေရှိပါတယ်။ YUPT မှာ ၁၅ လိုင်းစက်တပ်ဆင်ထားတဲ့ ယာဉ် ၇၀၀ မှာ ပုံသေနှုန်းနဲ့သွားနေတဲ့လိုင်းတွေမှာ သုံးနိုင်ပါပြီ။ YBPC မှာကလည်း ၁၅ လိုင်းမှာ ယာဉ်စီးရေ ၅၉၂ စီးတပ်ဆင်ထားပါတယ်။ ဗန္ဓုလ ကုမ္ပဏီမှာက ၇ လိုင်းမှာ ၃၁၄ စီးတပ်ဆင်ထားပါတယ်။ နောက်ထပ်ကိုလည်း GYTC တို့ လူထုမိတ်ဆွေတို့လို စတဲ့ ကုမ္ပဏီကြီးတွေမှာလည်း ဆက်လက်တပ်ဆင်ဖို့အတွက်ကတော့ ဆောင်ရွက်ဆဲပဲဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ပြောရရင်တော့ YPS စနစ်ကို ယခင်တပ်ဆင်ခဲ့တဲ့ ယာဉ်လိုင်းကုမ္ပဏီ သုံးခုမှာပဲ လက်ရှိမှာ အသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။ လူထုမိတ်တွေ၊ GYTC တို့ကို လိုင်းတွေမှာ အသုံးပြုနိင်ဖို့အတွက်ကတော့ ဆက်လက်ညှိနှိုင်းဆောင်ရွက်ဆဲပဲဖြစ်ပါတယ်”

ဟု YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်မှ ပြောကြားခဲ့သည်။

Yangon Payment Service (YPS) စနစ်ကို ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်နေ့တွင်စတင်ခဲ့ပြီးပြီး ငွေပေးချေကတ်များ ရောင်းချခြင်းနှင့် ငွေဖြည့်သွင်းသည့်ဝန်ဆောင်မှုများကို ဇူလိုင်လ ၁၆ ရက်နေ့ တွင် စတင်ဆောင်ရွက်ပေးခဲ့ကာ အဆိုပါဝန်ဆောင်မှုအတွက် YPS Service Center ၃ ခုကို ဆူးလေ၊ သမိုင်းနှင့် တာမွေမြို့နယ်တို့တွင် ထားရှိပြီး YPS အမှတ်တံဆိပ်ပါ ဆိုင်းဘုတ်အမှတ်အသားများချတ်ဆွဲထားသည့် G&G ဆိုင်ပေါင်း ၁၀၂ ဆိုင်တွင်လည်း ရရှိနိုင်မည်ဖြစ်ကြောင်းသိရသည်။

Author