မော်တော်ယာဉ်ပိုင်ရှင်အမည်ပေါက်ပြောင်းမည့်သူများအနေဖြင့် အခွန်ပေးဆောင်ပြီးပါက ကညနရုံးများတွင် ချက်ခြင်း အမည်ပေါက်ပြောင်းလဲခြင်းဆောင်ရွက်ရန်မလို

0

Full article

မော်တော်ယာဉ်ပိုင်ရှင်အမည်ပေါက်ပြောင်းမည့်သူများအနေဖြင့် အခွန်ပေးဆောင်ပြီးပါက၊ မော်တော်ယာဉ်လိုင်စင်သက်တမ်းကျန်ရှိသေးလျှင် ကညနရုံးများထံသို့ ချက်ခြင်းလာရောက်ပြီး အမည်ပေါက်ပြောင်းလဲခြင်းဆောင်ရွက်ရန်မလိုအပ်ပဲ မော်တော်ယာဉ်သက်တမ်းကုန်ဆုံးချိန်မှသာ လာရောက်ဆောင်ရွက်နိုင်ကြောင်း ရန်ကုန်တိုင်း ကညန ညွှန်မှူးမှ ပြောကြားခဲ့သည်။


မော်တော်ယာဉ်ပိုင်ရှင်အမည်ပေါက်ပြောင်းလဲမည့်သူများအနေဖြင့် ပြည်တွင်းအခွန်များဦးစီးဌာနထံတွင် စည်းကြပ်မှုမှလွတ်ကင်းနေသော ဝင်ငွေခွန်ပေးဆောင်ပြီးပါက၊ မိမိ၏မော်တော်ယာဉ်လိုင်စင်သက်တမ်းကျန်ရှိနေသေးလျှင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနထံသို့ ပိုင်ရှင်အမည်ပေါက်ပြောင်းလဲရန်၊ ချက်ချင်းလာရောက်ဆောင်ရွက်ရန်မလိုအပ်ပဲ မော်တော်ယာဉ်လိုင်စင်သက်တမ်းတိုးသည့်အခါမှသာ ဆောင်ရွက်မည်ဆိုပါကလည်း ဆောင်ရွက်နိုင်ကြောင်း ရန်ကုန်တိုင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ၊ ညွှန်ကြားရေးမှူး ဦးသိန်းထွဋ်မှ Redline Media သို့ပြောကြားခဲ့သည်။

“မော်တော်ယာဉ်ပိုင်ရှင်အမည်ပေါက်ပြောင်းတဲ့သူတွေအနေနဲ့ အခုစက်တင်ဘာလမှာတော့ သိန်း တစ်ထောင်အထိကို ၃ ရာခိုင်နှုန်းပေးဆောင်ရမယ်၊ စက်တင်ဘာလကုန်သွားပြီးရင်တော့ သိန်း တစ်ထောင်အထိကို ၆ ရာခိုင်နှုန်း ပေးဆောင်ရမှာဖြစ်ပါတယ်။ အဲဒီအခါမှာ ၃ ရာခိုင်နှုန်းနဲ့ရတာ ဒီတစ်လပဲရှိတော့တယ်။ အဲဒီအတွက် ပိုင်ရှင်အမည်ပေါက်မပြောင်းရသေးတဲ့သူတွေဟာ အမည်ပေါက်ပြောင်းဖို့အတွက် အခွန်ဆောင်ကြပါတယ်။ အချို့လူတွေက အခွန်သွားဆောင်ပြီးရင် အမည်ပေါက်ဆောင်ရွက်တာကို ချက်ချင်းဆောင်ရွက်ရမယ်ထင်ပြီး လာကြပါတယ်။ အခုလို Stay At Home ကာလမှာ မော်တော်ယာဉ်သက်တမ်းကျန်နေသေးရင် အိမ်မှာနေလို့ရပါသေးတယ်။ မိမိမော်တော်ယာဉ်မှာ သက်တမ်းရှိနေသေးရင် ပိုင်ရှင်အမည်ပေါက်ပြောင်းဖို့အတွက် ယာဉ်စစ်စရာမလိုတဲ့အတွက် အမည်ပြောင်းဖို့အတွက် သက်သက်တစ်ခေါက်လာစရာမလိုပါဘူး။ မော်တော်ယာဉ်သက်တမ်းတိုးတဲ့အခါကျမှသာ ဒီအခွန်ဆောင်ပြီးကြောင်း အခွန်စိမ်းစာရွက်ကိုယူလာပြီးဆောင်ရွက်လို့ရပါတယ်။ တကယ်လို့ ဒါကိုမသိပဲ လာကြမယ်ဆိုရင် အခုလို COVID -19 ကာလ မှာ လာနေရမှာစိုးလို့ပါ။ နောင်တစ်ချိန် မော်တော်ယာဉ်သက်တမ်းတိုးတဲ့အခါကျမှ ခုနက အခွန်ဆောင်ထားတဲ့ အခွန်စိမ်းစာရွက်ကိုယူလာပြီး အမည်ပေါက်ပြောင်းလဲလို့ရပါတယ်။ အခုကတော့ အခွန်စိမ်းစာရွက်ရပြီးတာနဲ့ တစ်ခေါက်လာစရာမလိုပါဘူး၊ သက်တမ်းတိုးတော့မှ ပေါင်းပြီးလုပ်လို့ရပါတယ်”

ဟု ရန်ကုန်တိုင်းဒေသကြီး ၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသိန်းထွဋ်မှ Redline Media သို့ပြောကြားခဲ့သည်။


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးများတွင် လုပ်ငန်းလာရောက်ဆောင်ရွက်သောယာဉ်စီးရေမှာ တစ်ရက်လျှင် အနောက်ပိုင်းခရိုင်ရုံးတွင် ယာဉ်စီးရေ ၅၀၀ ဝန်းကျင်၊ အရှေ့ပိုင်းခရိုင်ရုံးတွင် ၃၀၀ ဝန်းကျင်၊ မြောက်ပိုင်းခရိုင်ရုံးတွင် ၂၀၀ ဝန်းကျင်၊ တောင်ပိုင်းခရိုင်ရုံးတွင် ယာဉ်စီးရေ ၁၀၀ ဝန်းကျင်ခန့်ရှိကြောင်းသိရသည်။

Author