ရန်ကုန် (ပန်းဆိုးတန်း) - ဒလ ကူးတို့ရေယာဉ်များ အခေါက်ရေ ပြန်လည်တိုးမြှင့်ပြေးဆွဲ

0

Full article

ရန်ကုန် (ပန်းဆိုးတန်း) - ဒလ ကူးတို့ရေယာဉ်များ ခရီးသည်စီးနင်းမှု ပြန်လည်မြင့်တက်လာခြင်းကြောင့် အခေါက်ရေ ပြန်လည်တိုးမြှင့်ပြေးဆွဲလာကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနထံမှသိရသည်။

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် Stay Home နေထိုင်ရေးကြေညာခဲ့စဉ်ကာလအတွင်း လိုက်ပါစီးနင်းသည့်ခရီးသည်ဦးရေ ကျဆင်းခဲ့သည့်အတွက် ရန်ကုန် (ပန်းဆိုးတန်း) -ဒလ ကူးတို့ရေယာဉ်ပြေးဆွဲမှုကို တစ်ရက်လျှင် အသွား ၁၆ ခေါက်၊ အပြန် ၁၆ ခေါက်နှုန်းဖြင့်ပြေးဆွဲခဲ့ပြီး ယခုအခါ ခရီးသည်စီးနင်းမှု ပြန်လည်မြင့်တက်လာခြင်းကြောင့် သွားလာမှုအဆင်ပြေစေရန်အတွက် ပြေးဆွဲမှုကို တစ်ရက်လျှင် အသွား ၂၂ ခေါက်၊ အပြန် ၂၂ ခေါက်နှုန်းဖြင့် ပြီးခဲ့သည့်နိုဝင်ဘာလ ၅ ရက်နေ့ကတည်းက ပြန်လည်တိုးမြှင့်ပြေးဆွဲနေကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေးထံမှသိရသည်။ Stay Home ကာလအတွင်း၌ နေ့စဉ်ခရီးသည်သွာလာခဲ့မှုမှာ အသွား ၇၀၀၊ အပြန် ၇၀၀ ခန့်သာရှိခဲ့ပြီး သီတင်းကျွတ်ရုံးပိတ်ရက်ကာလအလွန်ဖြစ်သော အောက်တိုဘာလ ၂၆ ရက်နေ့မှ စတင်ပြီး ခရီးသည်လိုက်ပါစီးနင်းမှု ပြန်လည်မြင့်တက်လာပြီး နေ့စဉ်ခရီးသည်ဦးရေ အသွား ၃၀၀၀ ဝန်းကျင်၊ အပြန် ၃၀၀၀ ဝန်းကျင်သို့ ပြန်လည်မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

သီတင်းကျွတ်ရုံးပိတ်ရက်မတိုင်မီ ကာလတွင်လည်း ၁၆ ခေါက်မှ ၁၈ ခေါက်သို့ တိုးမြှင့်ပြေးဆွဲခဲ့ပြီး ယခုအခါ ၂၂ ခေါက်သို့ ပိုမို တိုးမြှင့်ပြေးဆွဲခြင်းဖြစ်ကြောင်းသိရသည်။ COVID-19 မတိုင်မီကာလတွင် ရန်ကုန်( ပန်းဆိုးတန်း) -ဒလ ခရီးစဉ်အား ချယ်ရီ ရေယာဉ် (၃) စီးဖြင့် နေ့စဉ် အသွား ၄၆ ခေါက်၊ အပြန် ၄၆ ခေါက်နှုန်းဖြင့် နေ့စဉ်ခရီးသည် ၃၀,၀၀၀ ခန့်ကိုပို့ဆောင်ပေးခဲ့ရကြောင်းသိရသည်။

Author