ရန်ကုန်-မန္တလေး အမြန်ရထားနှင့် ကြည့်မြင်တိုင်-ပြည် စာပို့ရထားခရီးစဉ်တို့အား ယာယီရပ်နားသွားမည်

0

Full article

ရန်ကုန်-မန္တလေး အမြန်ရထားနှင့် ကြည့်မြင်တိုင်-ပြည် စာပို့ရထားခရီးစဉ်တို့အား ယာယီရပ်နားသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

လတ်တလောတွင် ကူးစက်ပျံ့ပွားမှုနှုန်း များပြားနေသည့် COVID -19 ရောဂါ ကြောင့် လိုက်ပါစီးနင်းသည့် ခရီးသည်အရေအတွက် လျော့နည်းကျဆင်းလာသည့်အတွက် ရန်ကုန်-မန္တလေး ခရီးစဉ်အားပြေးဆွဲနေသည့် အမှတ် ၃ အဆန်အမြန်ရထားနှင့် အမှတ် ၄ အစုန် အမြန်ရထားတို့အား  စက်တင်ဘာလ ၂၅ ရက်နေ့မှစတင်ကာ ယာယီရပ်နားသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားထံမှသိရသည်။ ထို့အပြင် ကြည့်မြင့်တိုင်-ပြည် ခရီးစဉ်ပြေးဆွဲနေသည့် အမှတ်(၆၃) အဆန်နှင့် အမှတ် (၆၄) အစုန် စာပို့ရထားတို့ကိုလည်း စက်တင်ဘာလ ၂၅ ရက်နေ့မှ စတင်ပြီးယာယီရပ်နားသွားမည်ဖြစ်သည်။ ရန်ကုန်မြို့ပတ်ရထားများမှ ရုံးချိန်ရထားများဖြစ်သည့် ရန်ကုန် - လှော်ကား လမ်းပိုင်း၊ ရန်ကုန်-မင်္ဂလာဒုံ လမ်းပိုင်းနှင့် ရန်ကုန်-ရွာသာကြီးလမ်းပိုင်းတို့တွင် မနက်ပိုင်း ရုံးချိန်ရထား ၂ စီးနှင့် ညနေပိုင်း ရုံးဆင်းချိန်ရထား ၂ စီးတို့ကိုသာ ပုံမှန်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်းသိရသည်။


ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းပြေးဆွဲနေသည့် နေ့လည်ပိုင်းနှင့် လက်ယာရစ်မြို့ပတ်သည့် ခ/၃ နှင့် ခ/၄ ရထား၂ စီးနှင့် လက်ဝဲရစ်မြို့ပတ်သည့် က/၄ နှင့် က/၅ မြို့ပတ်ရထား ၂ စီးတို့အား ပြီးခဲ့သည့် စက်တင်ဘာလ ၂၁ ရက်နေ့မှ စတင်ကာယာယီရပ်နားထားခဲ့ကြောင်းသိရသည်။

Author