မော်တော်ယာဉ်မှတ်ပုံတင်လုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ကာ ဝန်ဆောင်မှုပြုနိင်ရေးကိစ္စ ဗဟိုကော်မတီအစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးခဲ့

0

Full article

ကနဦး မော်တော်ယာဉ်မှတ်ပုံတင်လုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ကာ ဝန်ဆောင်မှုပြုနိင်ရေးကိစ္စအား COVID -19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီအစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးခဲ့ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး၏ ထုတ်ပြန်ကြေညာချက်အရသိရသည်။

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကျင်းပခဲ့သော COVID -19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီအစည်းအဝေးတွင် ကနဦး မော်တော်ယာဉ်မှတ်ပုံတင်လုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ကာ ဝန်ဆောင်မှုပြုနိုင်ရေး ကိစ္စရပ်အား ထည့်သွင်းဆွေးနွေးခဲ့ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနော်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး၏ ထုတ်ပြန်ကြေညာချက်အရသိရသည်။ လက်ရှိဖြစ်ပွားနေသော COVID -19 ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးများအားလုံး၏ ဝန်ဆောင်မှုလုပ်ငန်းများကို ၁၄-၉-၂၀၂၀ ရက်နေ့မှစတင်ကာ ခေတ္တရပ်ဆိုင်းထားခဲ့ပြီး ထိုသို့ ဝန်ဆောင်မှု လုပ်ငန်းများ ခေတ္တရပ်ဆိုင်းထားစဉ်ကာလအတွက် ကနဦးမှတ်ပုံတင်လုပ်ငန်းများ၏ ရက်လွန်ကြေး၊ သက်တမ်းတိုးမော်တော်ယာဉ်နှင့် ယာဉ်မောင်းလိုင်စင်များ၏ သက်တမ်းလွန်ဒဏ်ကြေးများအပါအဝင် လုပ်ငန်းဆိုင်ရာများအား အများပြည်သူ ထိခိုက်နစ်နာမှုမရှိစေရန်အတွက် တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သုံးသပ်စိစစ်ဖြေလျှော့ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာမှ အသိပေးကြေညာထားခဲ့ကြောင်းသိရသည်။ COVID -19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီအစည်းအဝေးတွင် ကနဦး မော်တော်ယာဉ် မှတ်ပုံတင်လုပ်ငန်းများ ပြန်လည်ဖွင့်လှစ်သည့် ကိစ္စရပ်ပြင် ပြည်တွင်းလေယာဉ်ခရီးစဉ်များ ပြန်လည်ပြေးဆွဲခွင့်ပြုနိုင်ရေး၊ နေပြည်တော်ကော်စီ၊ တိုင်းဒေသကြီး ပြည်နယ်များသို့ ခရီးသွားရန်အကြောင်း ကိစ္စပေါ်လာပါက သက်ဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာနများတွင် ဆေးစစ်ဆေးမှုခံယူပြီး ပိုးမရှိပါက သွားလာစေရေးနှင့် ပိုးမရှိ ကြောင်း ထောက်ခံချက်ပါရှိပါက ရောက်ရှိနေရာရှိ စစ်ဆေးရေးဂိတ်များတွင် ပြသပြီး ကျန်းမာရေး စစ်ဆေးခြင်းနှင့် ကွာရန်တင်းဝင်ရောက်ခြင်းတို့ကို မပြုစေတော့ဘဲ သွားလာခွင့်ပြုရေးတို့ကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

Coronavirus Disease 2019 (COVID – 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီအစည်းအဝေးကို ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဦးမင်းသူ၊ ဦးသောင်းထွန်း၊ ဦးကျော်တင်၊ ဦးသိန်းဆွေ၊ ဒေါက်တာ မြင့်ထွေး၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးဆက်အောင်၊ ဦးကျော်မျိုး၊ ဗဟိုကော်မတီအတွင်းရေးမှူးများဖြစ်ကြသော ဦးဇော်သန်းသင်းနှင့် ဒေါက်တာသက်ခိုင်ဝင်းတို့ လည်းတက်ရောက်ခဲ့ကြကြောင်းသိရသည်။

Author