ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်းနှင့် ရန်ကုန်မြို့တော် အပြင်ပတ်လမ်းစီမံကိန်း ဦးဆောင်ကော်မတီ၏ စတုတ္ထအကြိမ်မြောက် အစည်းအဝေးကျင်းပ

0

Full article

ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်း၊ Preferred Bidder ကြေညာနိုင်ရေးနှင့် ရန်ကုန်မြို့တော် အပြင်ပတ်လမ်းစီမံကိန်း ဦးဆောင်ကော်မတီ၏ စတုတ္ထအကြိမ်မြောက် အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပခဲ့ကြောင်းသိရသည်။

ရန်ကုန်မြို့၏ ယာဉ်ကြောကြပ်တည်းမှုကို လျှော့ချနိုင်စေရန်နှင့် အခြေခံအဆောက်အဦ ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက် ၂၇.၅ ကီလိုမီတာရှည်လျားသည့် ရန်ကုန်မိုးပျံအမြန်လမ်းအပိုင်း (၁) ကိုရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပူးပေါင်းကာ PPP စီမံကိန်းအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်းသည် ရင်းနှီးမြှုပ်နှံမှု ကြီးမားသည့်စီမံကိန်းတစ်ခုဖြစ်ကာ စီမံကိန်း အပိုင်း ၁ အတွက် အမေရိကန်ဒေါ်လာ သန်း ၈၀၀ ခန့် ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း စီမံကိန်း ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်မှ ပြောကြားခဲ့သည်။ အဆိုပါစီမံကိန်းအား ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းကာ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပြီး Phase – 1 အဖြစ် အရှေ့လက်ခြမ်း လေးလမ်းသွားလမ်းမကြီး ၁၉ ကီလိုမီတာ၊ အရှေ့နှင့်အနောက် ချိတ်ဆက်ထားသော လေးလမ်းသွား ၆ ကီလိုမီတာ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ဆက်သွယ်ထားသော နှစ်လမ်းသွား ၂.၅ ကီလိုမီတာ၊ စုစုပေါင်း ၂၇.၅ ကီလိုမီတာ အရှည်ရှိမည်ဖြစ်ကြောင်းသိရသည်။

ရန်ကုန်မိုးပျံ အမြန်လမ်းစီမံကိန်း၏ စီမံကိန်းအကြံပေးအဖြစ် ကမ္ဘာ့ဘဏ်အဖွဲ့ဝင်ဖြစ်သော International Finance Corporation (IFC) မှဆောင်ရွက်နေပြီး တင်ဒါလုပ်ငန်းစဉ်များအနေဖြင့် စီမံကိန်းစိတ်ဝင်စားမှုအဆိုပြုလွှာကို ၂၀၁၈ ခုနှစ် မေလတွင်ခေါ်ယူခဲ့ရာ ကုမ္ပဏီ ၅၅ ခုမှ အဆိုပြုလွှာတင်သွင်းခဲ့ပြီး စီမံကိန်းအရည်အချင်းစစ်အဆိုပြုလွှာကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် ခေါ်ယူခဲ့ရာ Consortium နှင့် ကုမ္ပဏီအဖွဲ့ ၁၂ ဖွဲ့မှ လျှောက်ထားခဲ့ပြီး အကြိုအရည်အချင်းစစ် အောင်မြင်သည့် ကုမ္ပဏီ ၁၀ ဖွဲ့ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ထုတ်ပြန်ခဲ့ကြောင်းသိရသည်။ ထို့အပြင် ရန်ကုန်မိုးပျံလမ်းနှင့် ရန်ကုန်မြို့တော် အပြင်ပတ်လမ်း စီမံကိန်းဦးဆောင်ကော်မတီ အတွင်းရေးမှူး၊ ဒုတိယဝန်ကြီး ဦးကျော်လင်းမှ ရန်ကုန်မြို့၏ လက်ရှိဖြစ်ပေါ်နေမှု၊ နောင်ဖြစ်လာနိုင်မည့်အခြေအနေ၊ ယာဉ်ကြောပိတ်ဆို့မှုများကြုံတွေ့ခံစားရမှုနှင့် ဖြေရှင်းရန် နည်းလမ်းများ၊ စီမံကိန်းအတွက် တင်သွင်းလာသော စီမံကိန်းအဆိုပြုလွှာများအကဲဖြတ်မှုနှင့် ဆုံးဖြတ်ရန်အချက်များကို ရှင်းလင်းတင်ပြခဲ့ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါအစည်းအဝေးသို့ ရန်ကုန်မိုးပျံ အမြန်လမ်းနှင့် ရန်ကုန်မြို့တော် အပြင်ပတ်လမ်း၊ စီမံကိန်း ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ဦးဝင်းခိုင်၊ ဦးစိုးဝင်း၊ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများသည် နေပြည်တော်မှ တက်ရောက်ကြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် လျှပ်စစ်၊ စက်မှုလက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် တို့က ရန်ကုန်မြို့မှ Zoom Meeting ဖြင့် တက်ရောက် ကြကြောင်းသိရသည်။

Author