ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးသင်တန်းများနှင့် ယာဉ်မောင်းလိုင်စင်ဖြေဆိုခြင်းလုပ်ငန်းများကို ခေတ္တရပ်နားထား

0

Full article

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးသင်တန်းများနှင့် ယာဉ်မောင်းလိုင်စင်ဖြေဆိုခြင်းလုပ်ငန်းများကို ခေတ္တရပ်နားထားပြီး ကျန်လုပ်ငန်းများကို online booking စနစ်ဖြင့် ဆက်လက်ဆောင်ရွက်ပေးနေသော်လည်း လိုအပ်လာပါက online booking အစီးရေကို လျှော့ချသွားဖြစ်ကြောင်း ရန်ကုန်တိုင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနထံမှသိရသည်။

လတ်တလောပြန်လည်ဖြစ်ပွားနေသည့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်အရ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရေးအတွက် လူစုလူဝေးဖြင့် ဆောင်ရွက်ရသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းပညာပေးသင်တန်းများ၊ ၎င်းသင်တန်းများနှင့်ဆက်စပ်နေသည့် ယာဉ်မောင်းလိုင်စင်ဖြေဆိုခြင်းလုပ်ငန်းများကို (၃.၉.၂၀၂၀) ရက်နေ့မှစပြီး ခေတ္တရပ်နားထားမည်ဖြစ်ကာ ကျန်လုပ်ငန်းများကို ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်ပေးနေသေးလည်း လိုအပ်ပါက လူစုလူဝေးဖြစ်မှုကို လျှော့ချသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းထွဋ်မှ Redline Media သို့ပြောကြားခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ ပြီးခဲ့တဲ့အခြေအနေမှာကတည်းက ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ လက်ဆေးစေတာ၊ Mask တပ်စေတာ၊ Social Distancing စတာတွေနဲ့ လုပ်ငန်းတွေကိုလုပ်ဆောင်ပေးခဲ့ပါတယ်။ အခုအခြေအနေမှာလည်း ရုံးချုပ်ကညွှန်ကြားလာတဲ့အတွက် ယာဉ်မောင်းလိုင်စင်ဖြေဆိုခြင်းကို ယာယီရပ်နားထားပါတယ်။ ကျန်တဲ့မော်တော်ယာဉ်သက်တမ်းတိုး၊ လူလိုင်စင်သက်တမ်းတိုးတာတွေကို online booking စနစ်နဲ့ပဲလက်ရှိဆောင်ရွက်ပေးနေပါတယ်။ လာရောက်ဆောင်ရွက်တဲ့အရေအတွက်ကိုတော့ ကျွန်တော်တို့အနေနဲ့ ကိုယ်နိုင်တဲ့အင်အားဖြစ်အောင် online booking စနစ်နဲ့လုပ်ပေးနေပါတယ်။ လိုအပ်လာရင်တော့ ကျွန်တော်တို့အနေနဲ့ Online booking အစီးရေကိုလျှော့ချသွားရမှာဖြစ်ပါတယ်။ ဒီကြားထဲမှာ အထက်ကညွှန်ကြားချက်တစ်စုံတစ်ရာရှိလာရင်လည်း ညွှန်ကြားချက်အတိုင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်”

ဟု ရန်ကုန်တိုင်း ကညန ညွှန်မှူးမှပြောကြားခဲ့သည်။


ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း ပညာပေးသင်တန်းများ၊ ၎င်းနှင့်ဆက်စပ်နေသည့် ယာဉ်မောင်းလိုင်စင်ဖြေဆိုခြင်းလုပ်ငန်းများကို ပြီးခဲ့သည့် ၄.၈.၂၀၂၀ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ပြီး ယခုအခါ COVID-19 ရောဂါ ပြည်တွင်းကူးစက်မှု များပြားလာသည့်အတွက် ၃.၉.၂၀၂၀ ရက်နေ့မှစတင်ကာ ယာယီပြန်လည်ရပ်နားကာ ပြန်လည်ဆောင်ရွက်ပေးမည့်နေ့ကို အသိပေးကြေညာသွားမည်ဖြစ်ကြောင်းသိရသည်။

Author