ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ကုန်တင်ယာဉ်များသွားလာခွင့်ကို ပြန်လည်ရပ်ဆိုင်း

0

Full article

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ကုန်တင်ယာဉ်များသွားလာခွင့်ကို ပြန်လည်ရပ်ဆိုင်းလိုက်ပြီး ကုန်တင်ယာဉ်များအနေဖြင့် လမ်းဟောင်းမှ ပြန်လည်သွားလာကြရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

လက်ရှိဖြစ်ပွားနေသည့် COVID-19 ရောဂါ ဖြစ်ပွားချိန်ကာလအတွင်း ရန်ကုန်-မန္တလေး လမ်းဟောင်းကို အသုံးပြုပြီးသွားလာနေသည့် ကုန်တင်ယာဉ်များအနေဖြင့် ကြန့်ကြာမှုများ ကြုံတွေ့ခဲ့ရသည့်အတွက် ကုန်တင်ယာဉ်များအား ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်မှ ယာယီအစီအစဉ်ဖြင့် သွားလာခြင်းကို အောက်တာဘာလနှင့် နိုဝင်ဘာလ (၂) လအထိ ယာယီခွင့်ပြုထားခဲ့ရာမှ (၁၄) ဘီးယာဉ်နှင့်အထက် မော်တော်ယာဉ်များအား ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှ သွားလာခြင်းကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၃၀ ရက်နေ့ည ၁၂ နာရီမှ ပြန်လည် ရပ်ဆိုင်းလိုက်ပြီး ကုန်တင်ယာဉ်များအနေဖြင့် ရန်ကုန်-မန္တလေး လမ်းဟောင်းမှ ပြန်လည်သွားလာခွင့်ပြုသွားမည်ဖြစ်ကြောင်း အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှ အသိပေးထုတ်ပြန်ထားပါသည်။ ရန်ကုန် - မန္တလေး လမ်းဟောင်းပေါ်မှ ကုန်တင်ယာဉ်များဖြတ်သန်းသွားလာရာတွင် ထုတ်ပြန်ထားသော ကုန်တင်ယာဉ်များသွားလာမှုဆိုင်ရာ စံသတ်မှတ်ချက် ( SOP) အတိုင်း လိုက်နာဆောင်ရွက်သွားရန်ကိုလည်း COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ အသိပေး ကြေညာထားကြောင်းသိရသည်။

ကုန်တင်ယာဉ်များအနေဖြင့် ရန်ကုန် -မန္တလေး လမ်းဟောင်းမှသွားလာရာတွင် ကြန့်ကြာမှုများရှိခဲ့ပြီး ကုန်စည်စီးဆင်းမှု နှေးကွေးခဲ့သည့်အတွက် ရန်ကုန် -မန္တလေး အမြန်လမ်းမပေါ်မှ ဖြတ်သန်းသွားလာခွင့်ကို ပြီးခဲ့သည့် ၇ -၁၀ -၂၀၂၀ ရက်နေ့တွင် ယာယီခွင့်ပြုခဲ့ခြင်းဖြစ်သည်။

Author