YRTA အနေဖြင့် COVID -19 ရောဂါ ကာကွယ်ထိန်းချုပ်တားဆီးရေးအတွက် ညွှန်ကြားချက်များအတိုင်း လိုက်နာ ဆောင်ရွက်နေသော်လည်း Social Distancing ပိုင်းတွင်မူ အားနည်းမှုရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) တွဲဖက်အတွင်းရေးမှူး ဦးလှအောင်မှ ပြောကြားခဲ့သည်။

“ ကျွန်တော်တို့ YRTA အနေနဲ့ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအမျိုးသားအဆင့်ကော်မတီ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအဆင့်ကိုရိုနာဗိုင်းရပ်စ် ကာကွယ်၊ ထိန်းချုပ်တုံ့ပြန်ရေးကော်မတီတို့ရဲ့ ညွှန်ကြားချက်တွေကို လိုက်နာဆောင်ရွက်နေပါတယ်။ ဒီနေရာမှာလည်း တစ်ကိုယ်ရေကာကွယ်မှုနဲ့ အများပြည်သူ ကာကွယ်မှုပိုင်းကိုဆောင်ရွက်နေရတာဖြစ်ပါတယ်။ ညွှန်ကြားချက်တွေအတိုင်းဆောင်ရွက်တဲ့နေရာမှာ ယာဉ်မောင်းတွေရော၊ ခရီးသွားပြည်သူတွေပါ mask တပ်ရမယ်၊ လက်ဆေးရည်သုံးရမယ်၊ Social Distancing ကိုလိုက်နာရမယ်၊ ယာဉ်တွေကို ထွက်ခွာမသွားလာခင်မှာ ပိုးသတ်ဆေးဖျန်းရမယ် စတဲ့ ညွှန်ကြားချက်တွေကို လိုက်နာဆောင်ရွက်အကောင်အထည်ဖော်ပါတယ်။ သို့သော် ကျွန်တော်တို့အနေနဲ့ လိုက်နာဆောင်ရွက်မှုအားနည်းတဲ့အပိုင်းကတော့ Social Distancing အပိုင်းဖြစ်ပါတယ်။ ဒီနေရာမှာ ပြည်သူလူထုရဲ့သွားလာမှု၊ ယာဉ်တွေရဲ့ပြေးဆွဲနိုင်မှုနဲ့ အဓိက အချက်ကတော့ ကျွန်တော်တို့ အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းရဲ့ သဘောသဘာဝတွေကြောင့် ကျန်တော်တို့အနေနဲ့ Social Distancing ပိုင်းကို ထိန်းသိမ်းဆောင်ရွက်ဖို့နေရာမှာ အခက်အခဲရှိပါတယ်။ ဒါကြောင့်ကျွန်တော်တို့အနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ မိမိကိုယ်ကို တစ်ကိုယ်ရေကာကွယ်မှုနဲ့ မိမိပတ်ဝန်းကျင်ကာကွယ်မှုကို အလေးထားဆောင်ရွက်နေပါတယ်”
ဟု YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်မှ Zoom Appliciation ဖြင့်ပြုလုပ်ခဲ့သော YRTA ၏ မီဒီယာတွေ့ဆုံပွဲ (၁၂/ ၂၀၂၀ ) တွင်ပြောကြားခဲ့သည်။
လက်တလောတွင် COVID -19 ကူးစက်ရောဂါဖြစ်ပွားမှု ပြန်လည်မြင့်တက်လာသောကြောင့် YBS ယာဉ်များတွင် ခရီးသည်လိုက်ပါစီးနင်းမှု ပြန်လည်ကျဆင်းလာသော်လည်း တစ်ရက်လျှင် စီးနင်းသူအရေအတွက်မှာ ၄ သိန်းမှ ၅ သိန်းကြားရှိနေသေးပြီး လက်ရှိတွင် YRTA မှ Mask တပ်ဆင်ခြင်းမပြုပါက YBS ယာဉ်များတွင် လိုက်ပါစီးနင်းခွင့်မပြုရန် ညွှန်ကြားချက်ထုတ်ပြန်ထားကြောင်းသိရသည်။