ရန်ကုန်မြို့ပတ်ရထားများကို လျှော့ချပြေးဆွဲလျက်ရှိပြီး စီးနင်းသူဦးရေမှာလည်း တစ်ရက်လျှင် ခရီးသည်ဦးရေ လေးထောင်ဝန်းကျင်ခန့်သာရှိ

0

Full article

ရန်ကုန်မြို့ပတ်ရထားများကို လျှော့ချပြေးဆွဲလျက်ရှိပြီး စီးနင်းသူဦးရေမှာလည်း တစ်ရက်လျှင် ခရီးသည်ဦးရေ လေးထောင်ဝန်းကျင်ခန့်သာရှိတော့ကြောင်း မြန်မာ့မီးရထားထံမှသိရသည်။

လတ်တလောတွင် ကူးစက်ပြန့်ပွားမှုနှုန်း မြင့်မားနေသည့် COVID -19 ရောဂါ ပြန့်နှံ့မှုကို ထိန်းချုပ်နိုင်ရန်အတွက် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့၏ လမ်းညွှန်ချက်များနှင့်အညီ ခရီးသည်သွားလာမှုကို ကန့်သတ်ထိန်းချုပ်ချက်များအရ ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် ရထားစီးရေကို လျှော့ချပြေးဆွဲလျက်ရှိပြီး လတ်တလောတွင် ရထားတွဲဆိုင်း (၆) ဆိုင်းဖြင့်သာ ပြေးဆွဲပေးခဲ့ရာမှ ၂၉-၉-၂၀၂၀ ရက်နေ့မှ စတင်ပြီး ရထားတွဲဆိုင်း (၃) ဆိုင်းဖြင့်သာ ပြေးဆွဲပေးလျက်ရှိနေပြီး ကူးစက်ရောဂါ အခြေအနေကြောင့် Stay at Home များသတ်မှတ်ထားသည့်အချိန်တွင် နေ့စဉ်ရထားစီးသူအရေအတွက်မှာ တစ်ရက်လျှင် လေးထောင်ဝန်းကျင်ခန့်သာ ရှိတော့ကြောင်း မြန်မာ့မီးရထားထံမှသိရသည်။ လက်ရှိတွင် ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း၌ မြို့ပတ်ရထားများအား ရန်ကုန် -လှော်ကား လမ်းပိုင်း၊ ရန်ကုန်-မင်္ဂလာဒုံလမ်းပိုင်း နှင့် ရန်ကုန်-ရွာသာကြီး လမ်းပိုင်းတို့တွင် နံနက်ပိုင်း ရုံးတက်ချိန်ရထားနှင့် ညနေပိုင်း ရုံးဆင်းချိန်များအတွက်သာ ပြေးဆွဲပေးနေပြီး နေ့စဉ် စုစုပေါင်း (၂၆) ခေါက်ဖြင့် ပြေးဆွဲပေးလျက်ရှိကြောင်းသိရသည်။


ယခင်က ရန်ကုန်မြို့ပတ်ရထားများတွင် နေ့စဉ်ရထားစီးနင်းသူဦးရေမှာ တစ်ရက်လျှင် ၁၈,၀၀၀ ခန့်ရှိခဲ့ရာမှ COVID-19 ကူးစက်ရောဂါကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း Stay at Home သတ်မှတ်ချက်များကြောင့် ယခုကဲ့သို့ စီးနင်းသူအရေအတွက် လျော့နည်းလာရခြင်းဖြစ်ကြောင်းသိရသည်။

Author