ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများအား မော်တော်ယာဉ် တင်သွင်း/ဝယ်ယူခွင့် ပြုရေးကိစ္စရပ်တွင် မော်တော်ယာဉ် တင်သွင်းခွင့်ထက် ဝယ်ယူခွင့်သာဖြစ်သင့်ကြောင်း Automotive Association of Myanmar ၏ ဥက္ကဋ္ဌမှ ပြောကြားခဲ့သည်။

“ဒီဝန်ထမ်းပါမစ်တွေ ခွင့်မပြုခင်ကတည်းက ကျွန်တော်တို့အနေနဲ့ မလုပ်ဖို့ အကြံပြုခဲ့ပါတယ်။ ဒါပေမဲ့ ထွက်လာပြီဆိုတော့လည်း ကျွန်တော့်အနေနဲ့ အကြံပြုချင်တာကတော့ ဒီဝန်ထမ်းကောင်းပါမစ်ဟာ ဝယ်ယူခွင့်ပဲဖြစ်သင့်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ Automobile Policy မှာ နိုင်ငံစုံက ကားအမှတ်တံဆိပ်တွေကို မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ပြီးတော့ ဆောင်ရွက်နေ့တဲ့ ကဏ္ဍမှာ အခု ကမ္ဘာ့အမှတ်တံဆိပ်ပေါင်း ၄၀ လောက်ဟာ အရောင်းပြခန်းတွေ ဖွင့်လှစ်ရောင်းချနေပြီဖြစ်ပါတယ်။ ဒီဝန်ထမ်းပါမစ်ဟာ ဒီမှာပဲ ဝယ်ယူခွင့်ဆိုတာပဲ ဖြစ်သင့်ပါတယ်လို့ နိုင်ငံခြားရင်းနှီးမြုပ်နှံသူတွေလည်းပြောနေကြပါတယ်။ ဒီအရောင်းပြခန်းတွေဖွင့်လှစ်ဖို့ ကြိုးစားခဲ့ရာမှာ ပါမစ်တွေကလည်း အရမ်းခက်ခဲခဲ့တယ်။ ဖြတ်သန်းခဲ့ရတာတွေလည်း အဆင့်ပေါင်းမြောက်များစွာကို အချိန်ရော၊ ငွေရော ရင်းနှီးမြုပ်နှံထားခဲ့ရတာပါ။ ဒီလိုဖြတ်သန်းခဲ့ရပြီးမှ ဒီလို အပြိုင်တင်သွင်းခွင့်ပေးပြီးတော့ လုပ်မယ်ဆိုရင် ဒါဟာ လုံးဝမျှတမှုမရှိဘဲ စီးပွားရေးလုပ်ငန်းတွေကို ထိခိုက်စေပါတယ်။ ပြောချင်တာကတော့ မော်တော်ယာဉ် တင်သွင်းခွင့်ထက်စာရင် ဝယ်ယူခွင့်က ပိုပြီးသဘာဝကျပါတယ်”
ဟု ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် ပြုလုပ်ခဲ့သော ဒုတိယအကြိမ်မြောက် အစိုးရဝန်ထမ်းများအား ကားတင်သွင်းခွင့်နှင့်ဝယ်ယူခွင့်ဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲတွင် Automotive Association of Myanmar ၏ ဥက္ကဋ္ဌ ဦးအောင်ဝင်းမှ ပြောကြားခဲ့သည်။
ထို့အပြင် AAM ဥက္ကဋ္ဌ မှ တရားဝင်အရောင်းပြခန်းများမှ တင်သွင်းထားသော ကားများသည် Custom Duty ဆောင်ပြီးသား ဖြစ်နေသောကြောင့် အဆိုပါ အရောင်းပြခန်းများမှ ကားများကို ဝန်ထမ်းပါမစ်အနေဖြင့် ရောင်းချ၍မရကြောင်းနှင့် အဆိုပါ ကားများကို Refund ပြန်လည် ထုတ်ပေးရန် အစီအစဉ် ရှိ/မရှိ ဟူသောအချက်ကို ဝန်ထမ်းပါမစ်နှင့် စပ်လျဉ်းသည့် ထုတ်ပြန်ကြေညာချက်တွင် မတွေ့ရှိရကြောင်း ပြောကြားခဲ့သည်။