COVID-19 ကာလအတွင်း မော်တော်ယာဉ်အရောင်းပြခန်းများ ယာဉ်တင်သွင်းခွင့် လိုင်စင်လျှောက်ထားမှုကို Fully online စနစ်ဖြင့် လျှောက်ထားနိုင်တော့မည်

0

Full article

COVID-19 ကာလအတွင်း မော်တော်ယာဉ်အရောင်းပြခန်းများအား မော်တော်ယာဉ်တင်သွင်းခွင့်လိုင်စင်လျှောက်ထားမှုကို Fully online စနစ်ဖြင့်လျှောက်ထားမှုကို လာမည့် အောက်တိုဘာလ ၁ ရက်နေ့မှ စတင်လျောက်ထားနိုင်ပြီဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ ကုန်သွယ်ရေးဦးစီးဌာနမှ အသိပေးကြေညာထားပါသည်။


COVID -19 ကပ်ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း မော်တော်ယာဉ်အရောင်းပြခန်း (Showroom) များအနေဖြင့် သွင်းကုန်လိုင်စင်လျောက်ထားရာတွင် လွယ်ကူအဆင်ပြေစေရန်အတွက် မော်တော်ယာဉ်တင်သွင်းခွင့်လိုင်စင်လျောက်ထားမှုကို Fully Online စနစ်ဖြင့် ၁-၁၀- ၂၀၂၀ ရက်နေ့မှစတင်ပြီး လျောက်ထားနိုင်ပြီဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ အသိပေးကြေညာထားပါသည်။ ထို့အပြင် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၂၅ ရက်နေ့တွင် ကျင်းပခဲ့သော မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီအစည်းအဝေး (၃/၂၀၂၀ ) တွင်လည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်မှ COVID -19 ဖြစ်ပွားနေသည့် အရေးပေါ်ကာလအတွင်း ကုန်သွယ်မှုလုပ်ငန်းများ အရှိန်မပျက်ဆောင်ရွက်နိုင်စေရန်အတွက် မော်တော်ယာဉ်တင်သွင်းခွင့်လျောက်ထားမှုများကို Fully Online စနစ်ဖြင့် လျောက်ထားမှုကို ၁-၁၀-၂၀၂၀ ရက်နေ့တွင် စတင်ခွင့်ပြုပေးနိုင်ရေးကို စိစစ်ဆောင်ရွက်လျက်ရှိကြောင်း၊ ပထမအဆင့်အနေဖြင့် အရောင်းပြခန်းများ (Showroom) ၏ မော်တော်ယာဉ်တင်သွင်းခွင့်လျောက်ထားမှုများကို Fully Online System ဖြင့် စတင်စမ်းသပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မော်တော်ယာဉ်တင်သွင်းခွင့်လိုင်စင်ကို Online စနစ်ဖြင့် စမ်းသပ်ဆောင်ရွက်နေစဉ်ကာလအတွင်း ဝယ်ယူခွင့်ပါမစ်များကို Manual စနစ်ဖြင့် ခွင့်ပြုထားပေးသွားမည်ဖြစ်ကြောင်း၊ ဒုတိယအဆင့်အနေဖြင့် အရောင်းစင်တာများမှ မော်တော်ယာဉ်တင်သွင်းခွင့်လျောက်ထားမှုများနှင့် ဝယ်ယူခွင့်ပါမစ်များကို Fully Online စနစ်ဖြင့် လိုင်စင်ထုတ်ပေးနိုင်ရေးကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ပြည်ထောင်စုဝန်ကြီးမှ ပြောကြားခဲ့သည်။


မော်တော်ယာဉ်အရောင်းပြခန်း (Showroom) များအနေဖြင့် မော်တော်ယာဉ်တင်သွင်းခွင့်လိုင်စင်ကို Fully Online စနစ်ဖြင့်လျောက်ထားရာတွင် လိုအပ်သည့်အချက်အလက်များနှင့် လုပ်ငန်းအစီအစဉ်များကို ထပ်မံအသိပေးသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ အသိပေးကြေညာထားပါသည်။

Author