YBS ယာဉ်လိုင်းများတွင် လိုက်ပါစီးနင်းသည့်ခရီးသည်ဦးရေ အလွန်အမင်းကျဆင်းကာ ယာဉ်လိုင်းကုမ္ပဏီများ၏ ဆက်လက်ရှင်သန်ရပ်နိုင်ရေးအတွက် လွန်စွာကြိုးစားနေရ

0

Full article

YBS ယာဉ်လိုင်းများတွင် လိုက်ပါစီးနင်းသည့်ခရီးသည်ဦးရေ အလွန်အမင်းကျဆင်းနေခြင်းသည် ကျန်းမာရေး ရှုထောင့်မှကြည့်ပါက ကောင်းမွန်သော်လည်း ယာဉ်လိုင်းကုမ္ပဏီများ၏ ဆက်လက်ရှင်သန်ရပ်နိုင်ရေးအတွက် လွန်စွာကြိုးစားနေရကြောင်း YRTA တွဲဖက်အတွင်းရေးမှူးမှ ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ယာဉ်လိုင်းတွေမှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာ စီးနင်းသူဦးရေဟာ တစ်ရက်ကို ၆ သောင်းနဲ့ ၇ သောင်းကြားအထိ ထိုးကျခဲ့ပါတယ်။ အခု အောက်တိုဘာလအတွင်းမှာတော့ တစ်ရက်ကို တစ်သိန်းလေးသောင်း လောက်ပြန်တက်လာပါတယ်။ ဒါပေမဲ့ အရင်က စီးနင်းခဲ့တယ် ၁၈ သိန်း ၁၉ သိန်းနဲ့စာရင်တော့ အများကြီးလျော့နည်းနေပါတယ်။ ဒီလို စီးနင်းသူကျဆင်းတာဟာ ကျန်းမာရေးရှုထောင့်က ကြည့်ရင်တော့ ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ကို ဝိုင်းပြီးထောက်ပြနေကြတဲ့ Social Distancing အပိုင်းမှာပေါ့။ ဒီအပိုင်းမှာတော့ ကောင်းသွားတယ်လို့ဆိုရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ယာဉ်လိုင်းကုမ္ပဏီတွေရဲ့ ရှေ့ဆက်ပြီး ရှင်သန်ရပ်တည်ရေးအတွက်ကိုတော့ ကျွန်တော်တို့အနေနဲ့ ကြိုးစားနေရပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ စီးနင်းသူ ၇ သောင်းဝန်းကျင်ရှိတဲ့အချိန်မှာ ကျွန်တော်တို့ယာဉ်တွေဟာ တစ်ရက်ကို ၈၇၅ စီးလောက်ပဲ ပြေးဆွဲနိုင်ခဲ့ပါတယ်။ နောက် တစ်သိန်းလေးသောင်းကျော် ပြန်ဖြစ်လာတဲ့အခါ ယာဉ်စီးရေပေါင်း ၁,၂၀၀ ကျော်လောက် ပြေးဆွဲခဲ့ရပါတယ်။ စီးနင်းသူ တိုးလာတဲ့အခြေအနေပေါ်မူတည်ပြီး ယာဉ်တွေကို ပြေးဆွဲပေးနေရခြင်းဖြစ်ပါတယ်။ ယာဉ်လိုင်းတွေအတွက် ပိုပြီးတော့ အခက်အခဲဖြစ်စေတာက ရုံးပိတ်ရက်တွေပဲဖြစ်ပါတယ်။ ဥပမာ YBS ၁၃ လမ်းကြောင်းဆိုရင် အရင်ကတည်းက ရုံးသူရုံးသားတွေအတွက် ရည်ရွယ်ပြီး သက်ဆိုင်ရာ ကုမ္ပဏီကလည်း လမ်းကြောင်း ရွေးပြီး ပြေးဆွဲခဲ့တာဖြစ်ပါတယ်။ ရုံးတက်ရုံးဆင်းကို အားပြုပြီးပြေးဆွဲတဲ့ လမ်းကြောင်းဖြစ်တဲ့အတွက် အဲဒိ YBS ၁၃ ဆိုရင် စနေ၊ တနင်္ဂနွေ နေ့တွေမှာဆို ပြေးဆွဲမှုကို ရပ်နားထားရတဲ့အခြေအနေအထိရှိနေပါတယ်”

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) တွဲဖက်အတွင်းရေးမှူး ဦးလှအောင်မှ ပြောကြားခဲ့သည်။


လက်ရှိတွင် YRTA အနေဖြင့် နေ့စဉ်ပြေးဆွဲနေသော ယာဉ်လိုင်းအရေအတွက်နှင့် မော်တော်ယာဉ်စီးရေကို နေ့စဉ်သွားလာသည့် ခရီးသည်အရေအတွက်နှင့် ယာဉ်မောင်းများ၏ ပါဝင်ဆောင်ရွက်နိုင်မှုအခြေအနေပေါ်မူတည်ပြီး စီမံပြေးဆွဲလျက်ရှိပြီး လက်တလောတွင် ယာဉ်လိုင်း ၈၅ လိုင်းမှ ယာဉ်စီးရေ ၁,၂၀၀ ကျော်ဖြင့် ပြေးဆွဲပေးလျက်ရှိနေပြီး စီးနင်းသူအရေအတွက်မှာ တစ်ရက်လျှင် တစ်သိန်းလေးသောင်းဝန်းကျင်ခန့်ရှိကြောင်းသိရသည်။

Author